25 C
Yangon

လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ လုံခြုံရေးအကြောင်းပြ မတရားဆက်လက်ဖမ်းဆီးထား

Must read

လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ လုံခြုံရေးအကြောင်းပြ မတရားဆက်လက်ဖမ်းဆီးထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေးအကြောင်းပြ ပြန်လည် လွှတ်ပေးခြင်း မရှိဘဲ မတရားဆက်လက်ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြား သည်။

လွိုင်ကော်မြို့၏ အကျဉ်းဦးစီးဌာနမှ လွတ်မြောက်အကျဉ်းသားများကို အကျဉ်းထောင်တွင် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ပြီး လွတ်ရက်စေ့ အကျဉ်းသားများမှာ သက်ဆိုင်ရာ မိသားစုဝင်များထံ ပြန်လည်မရောက်ရှိသေးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၅၀၀ ရှိနေပါတယ်။ အဲဒီ ၅၀၀ ထဲမှာ လွတ်ရက်စေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၆ ဦးထိရှိလာတယ်။ ဒီလတွေထဲမှာ ထပ်ပြီးလွတ်ဖို့ ရှိနေသေးတယ်။ ဒါကို သူတို့က တိုက်ပွဲကို စိုးရိမ်ရတဲ့အတွက် အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် မလွတ်ပေးခြင်းဆိုတဲ့ ပုံစံမျိုးနဲ့ ထပ်ပြီးမှ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လွတ်ရက်စေ့ အကျဉ်းသားများ၏ မိသားစုဝင်များမှလည်း ပြန်လွတ်လာမည်ကို မျှော်လင့်စောင့်စားနေကြကြောင်း သိရှိရသည်။

လွတ်ရက်စေ့နေသည့် အကျဉ်းသားများတွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၆ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို ချက်ချင်းလွှတ်ပေးရန်၊ လွတ်မြောက်သင့်ပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ချက်ချင်းလွှတ်ပေးရန်နှင့် အကျဉ်းသားများ နေရပ်ပြန်နိုင်ရေးအတွက် ICRC နှင့် United Nations OCHA တို့မှ နှစ်ဖက်တပ်များအကြား ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးကြရန်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က တောင်းဆိုထားသည်။

“လူသားချင်းစာနာသောအားဖြင့် နှစ်ဖက်တပ်တွေ အကြားမှာ ဒီအကျဉ်းသားတွေရဲ့ လွတ်တဲ့ ကာလတစ်ခုကို နှစ်ဖက်ယာယီလေး ခဏတာ ရပ်နားပြီးတော့မှ ဒီအကျဉ်းသားတွေ မိသားစုလက်ထဲရောက်ရှိဖို့အတွက် နှစ်ဖက်တပ်တွေကို မေတ္တာရပ်ခံလိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article