32 C
Yangon

“အမေ (ဒေါ်အောင်ဆန်းစုကြည်) ထောင်ကလွတ်လာပြီဆိုရင်တောင် သူ့မှာ နေစရာမရှိပါဘူး။ စစ်တပ် က အမေ့ပိုင်ဆိုင်မှုတွေကို ဘာမှမကျန်အောင်လုပ်နေတာပါ”

Must read

“အမေ (ဒေါ်အောင်ဆန်းစုကြည်) ထောင်ကလွတ်လာပြီဆိုရင်တောင် သူ့မှာ နေစရာမရှိပါဘူး။ စစ်တပ် က အမေ့ပိုင်ဆိုင်မှုတွေကို ဘာမှမကျန်အောင်လုပ်နေတာပါ”

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီက မတရားအကျဉ်းချထားသော လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူထံသို့ ၃ နှစ်အတွင်း ပထမဆုံး စာတစ်စောင်ပေးပို့ခဲ့ရာ ယင်းစာနှင့်ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။မင်္ဂလာပါ ကင်မ်ရေ ဒေါ်အောင်ဆန်းစုကြည်ဆီက စာရတယ်လို့ ကျွန်မတို့ သိရပါတယ်။ သူ့စာအကြောင်းပြောပြပေးနိုင်မလား။

ဖြေ ။ ။ ဟုတ်ကဲ့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က အမေ့ဆီက စာတစ်စောင်ရခဲ့ပါတယ်။ အရင်နှစ် စက်တင်ဘာလက သူ့ဆီကို အထုပ်တစ်ထုပ်ပို့လိုက်ပါတယ်။ အဲဒီ့အထုပ်နဲ့အတူ ကျွန်တော့်စာတစ်စောင်ထည့်ပေးလိုက်တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မေမေ့ဆီကို အဲဒီအထုပ်ရောက်တယ်လို့ သိရပါတယ်။ သူ့စာထဲမှာ သိပ်များများစားစားတော့ မပါပါဘူး။ ဒီစာတွေကို စောင့်ကြည့်နေမယ်ဆိုတာ ကျွန်တော်တို့သိထားပြီးသားပါ။

မေး ။ ။ ဒါဆို သုံးလလောက်ကြာမှရောက်တာပေါ့နော်။

ဖြေ ။ ။ ဟုတ်ပါတယ်။ သုံးလကြာမှ အမေ့ဆီရောက်တာပါ။

မေး ။ ။ အမေ့စာထဲမှာ ဘာတွေများရေးထားသေးလဲရှင်။

ဖြေ ။ ။ကျွန်တော့်စာကို အကြောင်းပြန်တာပါ။ မိသားစုဆီကို သာကြောင်းမာကြောင်းရေးတဲ့စာပါပဲ။ ကျွန်တော်ပို့လိုက်တဲ့အထုပ်ကို လက်ခံရရှိကြောင်း၊ ပြီးတော့ သူ့အနေနဲ့ သွားကိုက်တာ၊ ခါးနာတာနဲ့ အရိုးပွတာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။

သူ့ကို ဘယ်လိုထားတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ရှောင်တာနယ်လ် ပြောသလိုဆိုရင်တော့ အခြေအနေဆိုးတာအမှန်ပါပဲ။

မေး ။ ။ ဒါဆို သူ့ကျန်းမာရေးအခြေအနေကို အသေးစိတ်ရေးထားတာလား ။ ဒါမှမဟုတ် ။

ဖြေ ။ ။ အသေးစိတ်မဟုတ်ပါဘူး သွားကိုက်တယ် ခါးနာတယ်ဆိုတာနဲ့ အရိုးပွရောဂါ ဖြစ်စပြုနေတယ်လို့ပဲပါတာပါ။ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သွားနာလို့အစာမစားနိုင်ဘူးဆိုတော့ သွားကိုက်ဝေဒနာက တော်တော်ဆိုးနေပုံရပါတယ်။

မေး ။ ။ သူ့ရဲ့ထောင်တွင်းအခြေအနေအကြောင်း ဘာများ သိရလဲ။

ဖြေ ။ ။ ဘယ်သူ့ဆီကမှ သိရတာမရှိပါဘူး

မေး ။ ။ ဒါဆို သူက ကင်မ်ရေးလိုက်တဲ့စာကိုအကြောင်းပြန်ရင်း သူ့ကျန်းမာရေးအကြောင်း ရေးလိုက်တာပေါ့နော်။ ထောင်တွင်းအခြေအနေတွေ မပါဘူးပေါ့။

ဖြေ ။ ။ မပါပါဘူး။ သူနဲ့က ဆက်သွယ်လို့မရတဲ့အတွက် အဲဒါတွေ မသိနိုင်ပါဘူး။ ဒါက သုံးနှစ်အတွင်းမှာ ပထမဆုံးရတဲ့စာပါ။ဆက်သွယ်ရေးလမ်းကြောင်း ဆက်ဖွင့်ပေးထားမယ်လို့ မျှော်လင့်ပါတယ်။

မေး ။ ။ အာဏာပိုင်တွေ စောင့်ကြည့်နေမှာဖြစ်လို့ ထောင်တွင်းအခြေအနေကိုမရေးဘဲ ပုံမှန်ကိစ္စတွေကိုပဲ ရေးထားတာပေါ့နော်။ ဒါဆို စာက တိုတိုလေးပေါ့။

ဖြေ ။ ။ ခပ်တိုတိုပါပဲ။ အမေ့လက်ရေးနဲ့ရေးထားတာဆိုတော့ အမေ့ဆီကစာဆိုတာ ကျွန်တော်သိပါတယ်။

မေး ။ ။ အမေနဲ့တွေ့ဖို့ကော ကြိုးစားဦးမလား။

ဖြေ ။ ။ လက်ရှိအခြေအနေမှာ ကျွန်တော် မြန်မာနိုင်ငံကိုသွားဖို့ စိတ်မချရဘူးထင်ပါတယ်။ အမေနဲ့တွေ့ခွင့်ရမယ်ဆိုရင်တော့ တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ခန့်မှန်းရခက်တဲ့အပြင် အမေ့အိမ်ကို လေလံတင်ဖို့ကလည်းရှိနေတယ်လေ။

တကယ်ဆို သူ့အစ်ကိုက မြန်မာနိုင်ငံသားမဟုတ်တဲ့အတွက် ဒီအိမ်ကို ရပိုင်ခွင့်မရှိပါဘူး။ အမေ နေပြည်တော်မှာနေတဲ့အိမ် လည်း အမေ့အပိုင်မဟုတ်ပါဘူး အစိုးရအိမ်တော်ပါ။ ဒီတော့ အမေ ထောင်ကလွတ်လာပြီဆိုရင်တောင် သူ့မှာနေစရာမရှိပါဘူး။ စစ်တပ်က အမေ့ပိုင်ဆိုင်မှုတွေကို ဘာမှမကျန်အောင်လုပ်နေတာပါ။

မေး ။ ။ ဒါဆို သူ့အိမ်အကြောင်း စာထဲမှာမရေးထားဘူးပေါ့နော်။

ဖြေ ။ ။ မရေးထားပါဘူး။ သူ သိချင်မှတောင်သိမှာပါ သူ့ရှေ့နေတွေက ပြောပြဖို့ကြိုးစားမှာဆိုပေမယ့် ရှေ့နေတွေကို သူနဲ့တွေ့ခွင့်မပြုပါဘူး။ ကျွန်တော် ဒီလိုပဲသိထားပါတယ်။

မေး ။ ။ ဒီစာကို သံရုံးကတစ်ဆင့်ရတယ်ဆိုတော့လေ။

ဖြေ ။ ။ သံရုံးကတစ်ဆင့်မဟုတ်ပါဘူး နိုင်ငံခြားရေးရုံးကရတာပါ။

မေး ။ ။ အမေ့ဆီကပြန်စာကို မျှော်လင့်နေခဲ့တာလား။

ဖြေ ။ ။ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ထားတာမရှိပါဘူး။

မေး ။ ။ ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုထူထောင်ဖို့ မြန်မာစစ်တပ်ကို စာရေးပြီးတောင်းဆိုသွားဖို့ ရှိပါသလား။

ဖြေ ။ ။ လက်ရှိလမ်းကြောင်းကတစ်ဆင့် အမေနဲ့ ထပ်ဆက်သွယ်ဖို့ကြိုးစားမှာပါ။ အဲဒီ့ကျရင် အခြေအနေသိရမယ်ထင်ပါတယ်။ အခုလက်ရှိ မြန်မာနိင်ငံမှာက အပြောင်းအလဲတွေ သိပ်မြန်တော့ အမေ့ကို ထောင်ကနေလွှတ်ပေးပြီး ရန်ကုန်မှ အကျယ် ချုပ်ပြန်ထားမယ်ဆိုရင် သူ့အိမ်မှာသူပြန်နေရတာဖြစ်လို့ အမေ့အတွက် အကောင်းဆုံးဖြစ်မှာပါ။

အမေ့ကို နေပြည်တော်ထောင်က အကျဉ်းခန်းထဲမှာထားမယ်ဆိုရင်တော့ အခြေအနေက သိပ်ဆိုးပါတယ်။ ရာသီဥတုဒဏ်တွေ ခံရမယ်၊ ပူရင် တအားပူတယ်၊ အေးရင် တအားအေးတယ်၊ ကြွက်တွေ၊ ကင်းမြီးကောက်တွေ၊ ခြင်တွေ ပေါတယ်၊ လုံးးဝမနေသင့်တဲ့အရပ်ပါ။ အမေက အသက် ၈၀ ရှိပါပြီ။ သူ့ကျန်းမာရေးအခြေအနေကို ထောက်ထားပြီး သွားကိုက်ဝေဒနာအတွက် ကောင်းမွန်တဲ့ဆေးဝါးကုသမှုတွေ ခံယူနိုင်ဖို့ အိမ်မှာပဲ အကျယ်ချုပ်ပြန်ထားမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုကုသခွင့်ရမှ မနာမကျင်ဘဲ အစာစားနိုင်မှာပါ။

မေး။ ။ ကျွန်မတို့လည်း သူ့အတွက် ဆုတောင်းပေးနေပါတယ်။ အခုလို ကင့်မ်ဆီကို စာရေးခွင့်ရပြီး သူ့ကျန်းမာရေးအကြောင်း

ပြောပြခွင့်ရတယ်ဆိုတာသိရလို့ ဝမ်းသာမိပါတယ်။ နောက်ဆုံးအနေနဲ့ တခြားအခြေအနေတွေနဲ့ပတ်သက်လို့ ကင့်မ်ရဲ့အမြင်ကို ပြောပြပေးပါဦး။

ဖြေ ။ ။ ကျွန်တော်ပြောခဲ့သလိုပါပဲ သူ့ရဲ့အသက်အရွယ်နဲ့ သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေအရ စိုးရိမ်စရာအခြေအနေတွေအောက်မှာ ထိန်းသိမ်းထားတာကို စိတ်ပူမိပါတယ်။ ပြောရရင်.. အခုလို သုံးနှစ်ကြာမှ အမေနဲ့ အဆက်အသွယ်ရတဲ့အတွက် ကျွန်တော်တကယ်ဝမ်းသာပါတယ်။ သူ အသက်ရှင်နေတယ်ဆိုတာ သိခွင့်ရလို့ပါ။ ဒီ့မတိုင်ခင်ကဆို စစ်တပ် ဒါမှမဟုတ် အကျဉ်း ထောင်အာဏာပိုင်တွေ၊ ဘေးလူတွေ စတဲ့ ယုံကြည်ဖို့မကောင်းတဲ့ကြားလူတွေဆီက သတင်းတွေကိုပဲ ကြားနေခဲ့ရတော့ အမေအသက်ရှင်နေတယ်ဆိုတာကို ယုံရခက်ကြီးဖြစ်နေတာ‌ေ အခုလိုကာလမှာ အမေရေးတဲ့စာတစ်စောင်ရောက်လာတာလောက် ကျွန်တော့်အတွက် ပျော်ဖို့ကောင်းတာမရှိတော့ပါဘူး။

မေး ။ ။ အမေ့ကို အကျယ်ချုပ်နဲ့ထားဖို့ စိတ်အားထက်သန်နေတဲ့သားကြောင့် စစ်အစိုးရကို ဖိအားတစ်စုံတစ်ရာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဖြေ။ ။ လွှတ်ရင်တော့ အကောင်းဆုံးပေါ့။ စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်တာတွေရပ်ပြီး ဒီမိုကရေစီလမ်း ကြောင်း ကို ပြန်သွားရမှာလေ နိုင်ငံရေးအကျဉ်းသားအကုန်လုံးကို လွှတ်ပေးရမှာ။ အနည်းဆုံးတော့ အမေ့ကို အကျယ်ချုပ်ပြန်ထားသင့်တယ်။ အမေ့ကို အကျယ်ချုပ်ကနေ ထောင်ကိုပို့လိုက်တာ အာဏာသိမ်းပြီး ဇူလိုင်လကတည်းကထင်တယ်။ အမေ ထောင်ထဲရောက်နေတာ ၂၀၂၁ ဇွန် ဇူလိုင်လောက်ကတည်းကဖြစ်မယ်။ သူ့ကို အကျယ်ချုပ်ပြောင်းလိုက်ပြီဆိုတဲ့ သတင်းတွေအကုန်လုံးက ကျွန်တော်သိသလောက် သတင်းမှားတွေချည်းပါပဲ။ အမေက ထောင်ထဲမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာပါ။

မေး။ ။ ၂ နှစ်ခွဲလောက်ရှိပြီနော်။

ဖြေ။ ။ ဟုတ်တယ်။

မေး။ ။ အခုလို အမေ့ဆီကစာအကြောင်း ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article