25 C
Yangon

မြောက်ဦးမြို့တွင် ကိုရင်ဆို့နှင့် သတင်းထောက် ကိုဖိုးသီဟတို့ အပါအဝင် အရပ်သား ၉ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းအား ဖျောက်ဖျက်ခဲ့

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သတင်းထောက်ဟောင်း ကိုဖိုးသီဟနှင့် ကိုကျော်ဇံဝေ (ခေါ်) ကိုရင်ဆို့ အပါအဝင် အရပ် သား ၉ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က အတည်ပြု သတင်းထုတ်ပြန်သည်။

မြောက်ဦးမြိုနယ်မှ အရပ်သားပြည်သူများဖြစ်ကြသော ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း တို့ ၇ဦးအား စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် မြောက်ဦးအခြေစိုက်၊ ခမရ ၃၇၈ တပ်ရင်း အချုပ်ခန်းထဲ၌ ရက်ရက် စက် စက် မသေမချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပြီး ရုပ်အလောင်းများအား မြောက်ဦးမြို့ ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်ကာ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ရသေ့တောင်မြိုနယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်းနှင့် မင်းပြားမြို့နယ်မှ ဦးကျော်ညွန့် တို့ကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီ မင်းပြား ခမရ ၃၇၉ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

NUG/CRPH တို့နှင့် ဆက်စပ်၍ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့တောင်ရပ်၊ ကန်လှ၊ တံတားဦးအနားတွင်ရှိသည့် ကိုကျော်ဇံဝေ (ခေါ်) ရင်ဆို့ နေအိမ်ကို ဝင်ရောက်ကာ ဖမ်းဆီးခဲ့သည်။

ကိုကျော်ဇံဝေ (ခေါ်) ရင်ဆို့သည် လူမှုကွန်ရက်စာမျက်နှာတွင် လူသိများသော ဆယ်လီ လူငယ်တစ်ဦးဖြစ်ပြီး စာမျက်နှာများတွင် ဟာသနှော ပြောဆိုတက်ကာ ၎င်းကိုယ်တိုင်ရေးစပ်သီဆိုထားသည့် EXodus (အိပ်ဇိုးဒပ်) သီချင်းနှင့် လူသိများပြားလာခဲ့သည်။

ကိုဖိုးသီဟသည် ယခင်က DVB နှင့် 7Day, The Voice အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းဌာန အချို့တွင် ဝင်ရောက် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယင်းနောက်ပိုင်းတွင် သတင်းသမားဘဝက ရပ်နားခဲ့ပြီးနောက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း ခေါ် ဖိုးသီဟကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ၎င်းကို စစ်ကောင်စီက ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့သည်။

စစ်ကောင်စီတပ်က ရခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများနေသော မြို့၊ ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် လုပ်ကြံစွပ်စွဲချက်အမျိုးမျိုးဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်နေသည်။

ထို့ပြင် အရပ်သားများအားကို ဓားစာခံများအဖြစ် အသုံးပြုကာ လူသားဒိုင်းကာ ပြုလုပ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သားများအား သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျုးလွန်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ စစ်ရာဇဝတ်မှုကျူးလွန်သူများအား ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်ဖြစ်ပြီး ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိအောင် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း AA က သတင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article