34 C
Yangon

မြန်မာစစ်အုပ်စုကို တရားဝင်အစည်းအဝေးများနှင့် လှုပ်ရှားမှုများအားလုံးမှ ဖယ်ထုတ်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများကို အဖွဲ့ ၃၅၄ ခုက တောင်းဆို

Must read

မြန်မာစစ်အုပ်စုကို တရားဝင်အစည်းအဝေးများနှင့် လှုပ်ရှားမှုများအားလုံးမှ ဖယ်ထုတ်ရန် ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများကို အဖွဲ့ ၃၅၄ ခုက တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ဥရောပသမဂ္ဂ(အီးယူ)နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်မြန်မာစစ်အုပ်စုကို တရားဝင် ကျင်း ပ သော အစည်းအဝေးများနှင့် လှုပ်ရှားမှုများအားလုံးမှ ဖယ်ကြဉ်ထားရန် မြန်မာနှင့် နိုင်ငံ တကာ အဖွဲ့များ၊ မဟာမိတ်အဖွဲ့အစည်း ၃၅၄ ဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ကြသည်။

မြန်မာ အကြမ်းဖက်စစ်တပ်သည် မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်မဆို အစိုးရမဟုတ်ဟူသော အချက်ကို အလေးပေးဖော်ပြလိုကြောင်း၊ အီးယူနှင့်အဖွဲ့ဝင်နိုင်ငံများ၏ အမြင့်ဆုံးအဆင့် ကိုယ်စားလှယ်များသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ် စိုးလင်းဟန်နှင့် အစည်းအဝေးများ၊ ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးများတွင် ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌ နှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ဥရောပသမဂ္ဂ၏ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell Fontelles ၊ ဥရောပ လွှတ်တော်ဥက္ကဋ္ဌ Roberta Metsola နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးများတွင် အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ်ကို အစိုးရ ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြောဆိုဆက်ဆံခဲ့ပုံပေါ်ကာ အဆိုပါ အစည်းအဝေးများကို အကြမ်းဖက်စစ်အုပ်စုက သတင်းမှားများ ဖြန့်ဝေရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချခဲ့ကြောင်း မြန်မာနှင့်နိုင်ငံတကာ အဖွဲ့များက ထောက်ပြကြသည်။

အကြမ်းဖက်စစ်တပ်၏ ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံတွင်းမှ “အကြမ်းဖက်တိုက်ခိုက်မှုများ”၊ စီစဉ်ထားသော “ရွေးကောက်ပွဲ” “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း” နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အီးယူအစည်းအဝေးတွင် ဖြန့်ဝေခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က မှားယွင်းသော၊ အဓိပ္ပာယ်လွဲမှားနိုင်စေသော၊ အန္တရာယ်များသော လူသိရှင်ကြား ထုတ်ဖော်ကြေညာ ပြောဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ကို သတိပြုသင့်ကြောင်း မြန်မာနှင့် နိုင်ငံတကာ အဖွဲ့များ၊ မဟာမိတ်အဖွဲ့အစည်း ၃၅၄ ဖွဲ့က ထောက်ပြကြသည်။

အိတ်ဖွင့်ပေးစာတွင် မြန်မာ အကြမ်းဖက်စစ်အုပ်စု၏ လူသိရှင်ကြား ထုတ်ပြန်သော သတင်းရေးသားချက်များကို ပူးတွဲပါဝင်ပြီး ၂၀၂၁ခုနှစ်ကတည်းက စစ်အုပ်စုက ထိန်းချုပ်ထားသော မြန်မာနိုင်ငံရှိ ပြည်တွင်းမီဒီယာလိုင်းများက ဖော်ပြထားသည့် သတင်းမှားနှင့် စစ်တပ်၏ ကိုယ်ပိုင်ဝါဒဖြန့်ချိရေးအတွက် အသုံးပြုနေသည်များကို ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး မဲဆန္ဒရှင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို တခဲနက် ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း၊ လွတ်လပ်သော ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်သူများက ဤရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတကြောင်း၊ ရွေးကောက်ပွဲရလဒ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒကို ကိုယ်စားပြုကြောင်း တညီတညွတ်တည်း ကောက်ချက်ချခဲ့ကြကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

သို့သော် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှုတခု စတင်ခဲ့ပြီး ထိုအချိန်မှစ၍ ဥပဒေမဲ့၊ တရားမဝင်သော စစ်အုပ်စုသည် ပြည်တွင်း ဝန်ကြီးဌာနများနှင့် ပြည်ပသံရုံးများ အပါအဝင် အစိုးရ အဖွဲ့ အစည်း အများအပြားကို သိမ်းပိုက်ခဲ့ကာ မြန်မာနိုင်ငံ အစိုးရအဖြစ် ဟန်ဆောင်ရပ်တည်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စုက ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့ပြီး ပြည်သူများကို ဖိနှိပ်ချုပ်ချယ်၍ ထိန်းချုပ်ရန် စစ်တပ်က ကြိုးပမ်းခဲ့ကြောင်း၊ လက်ရှိအချိန်အထိ စစ်တပ်သည် ပြည်သူပေါင်း ၄,၅၁၉ ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀,၀၈၇ ဦးကို အကျဉ်းချခဲ့ရာ အရွေးကောက်ခံ လွှတ်တော်အမတ်များ၊ သတင်းထောက်များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် တခြားပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံနိုင်သည့် ဖြစ်နိုင်သမျှ အခွင့်အရေးအားလုံးကိုရယူခြင်းဖြင့် တရားဝင်မှုရရှိရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းသည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံခြားအစိုးရများနှင့် အီးယူ၊ အာဆီယံ ကဲ့သို့သော အစိုးရအဖွဲ့အစည်းများသည် စစ်အုပ်စုကို အစိုးရတစ်ရပ်ကဲ့သို့ ထိတွေ့ဆက်ဆံသည့်အခါ မြန်မာပြည်သူများအတွက် သိသာထင်ရှားသော ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

အီးယူနှင့် အဖွဲ့ဝင်နိုင်ငံများက အစည်းအဝေးနှင့် အခမ်းအနား ဖိတ်စာများကို သံရုံးများမှတဆင့် ပေးပို့ခြင်းသည် လုပ်ထုံးလုပ်နည်းတရပ် ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုက ဘရပ်ဆဲလ်မြို့ရှိ သံရုံးအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများကို တရားမဝင် သိမ်းပိုက်ထားကြောင်း သတိပြုသင့်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ပထမအဆင့်အနေဖြင့် အီးယူသည် ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးကို စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွှေ့ ဖိတ်စာများကို ထိုသံရုံးသို့ မပေးပို့သင့်ကြောင်း၊ အလားတူပင် အီးယူ အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ မြို့တော်များတွင် စစ်အုပ်စု ထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ သံရုံးများသို့ အစည်းအဝေးများနှင့် ပွဲများကို ဖိတ် ကြားခြင်း မပြုသင့်ကြောင်း အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းထားသည်။

နိုင်ငံတကာ ဆွေးနွေးပွဲများ အားလုံးအတွက် မြန်မာနိုင်ငံသားများက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော မှန်ကန် သင့်လျော်သော ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန်၊ ဖိတ်ခေါ်လိုပါက အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ထံသို့ [email protected] သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် ဝဘ်ဆိုက်မှတစ်ဆင့် ဆက်သွယ်နိုင်ရန်လည်း အိတ်ဖွင့်ပေးစာတွင် အကြံပြုထားသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်၏ ကိုယ်စားလှယ် စိုးလင်းဟန်၊ အီးယူနိုင်ငံများနှင့်အတူ အစည်း အဝေး တက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article