25 C
Yangon

မိုင်းဆတ်မြို့နယ် မယ်ကုတ်၊ ယောင်ခ၊ မိုင်းကန်း ကျေးရွာများအနီးတွင် တရုတ်နိုင်ငံသားများက ရွှေနှင့် သတ္တုများ တရားမဝင် တူးနေသဖြင့် သဘာ၀ပတ်ဝန်း ကျင် အကြီးအကျယ် ပျက်စီးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် လွယ်စတုံးအုပ်စု မယ်ကုတ်၊ ယောင်ခ၊ မိုင်းကန်း ကျေးရွာများအနီးတွင် တရုတ်နှင့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်ပေါင်း၍ ရွှေနှင့် သတ္တုများ တရားမဝင် တူးဖော်နေသဖြင့် သဘာ၀ပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

၂၀၂၃ ခုနှစ်မှစတင်၍ တရုတ်များက တရားမဝင်ဝင်လာပြီး စစ်တပ်လက် အောက်ခံ ပြည်သူ့စစ်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပေါင်းကာ ရွှေတူးဖော်မှုများနှင့် သတ္တုတူးဖော်မှုများ တရားမဝင် လုပ်ကိုင်ကြကြောင်း၊

ရွှေနှင့် သတ္တုများ တူးဖော်မှုကို တရုတ်လူမျိုးများကို ပြည်သူ့စစ်နှင့် ကျေးရွာလူကြီး များက အဓိကပူးပေါင်း ကူညီလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရွှေ နှင့် သတ္တုများ တူးဖော်ရာတွင် အသုံးပြုသည့် ဓာတုဆေးများကို ချောင်းရေအတွင်း စွန့်ပစ်မှုကြောင့် ချောင်းရေသည် အမြဲနောက်ကျိနေကာ အိမ်ပြောင်းရွှေ့နေထိုင်ရသည့် ပြည်သူများပါ ရှိလာကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“လုပ်ကွက်အောက်က တောင်ယာလုပ် တိရစ္ဆာန်မွေးစားတဲ့ သူတွေကျ ရေတွေ သုံးရတာ အမြဲ မသန့်တဲ့ ရေအနောက်ပဲ သုံးရပြီး ဓာတုဆေးပါတော့ တချို့အိမ်တွေ ပြောင်းသွားကြရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခင်က ရွာသားများ အသုံးပြုနေသည့် ချောင်းရေသည် မိုးတွင်း ကာလတွင်သာ သဘာဝအလျောက် ရေနောက်ပြီး ကျန်ရာသီများတွင် ရေကြည်လင်ကြောင်း၊ တရားမဝင် ရွှေနှင့်သတ္တုလုပ်ကွက်များ လုပ်ဆောင်သည့် နောက်ပိုင်းတွင် ရာသီမရွေး နောက်ကျိနေသည့် ရေများသာ အသုံးပြုရတော့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုအနေဖြင့် ရွှေနှင့်သတ္တုများ တူးဖော်နေရာ ဒေသတစ်ခုလုံးတွင် တောင်နှင့်တောများ ပျောက်ကွယ်ကုန်ပြီး တောင်ကတုံးများ၊ မြေစာပုံကြီးများ အများအပြား ထွက်ပေါ်လာနေကြောင်း သိရှိရသည်။

တရားမဝင် ရွှေနှင့် သတ္တု တူးဖော်နေသည့် တရုတ်များက ဒေသပြည်သူများကို မောက်မာ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံကြကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ရွှေနဲ့ သတ္တုတူးတဲ့ လုပ်ကွက်တွေက တရုတ်နဲ့ ပြည်သူ့စစ်ပေါင်းလုပ်တယ်လို့ ကြားတယ်။ မယ်ကြုတ်ရွာလူကြီးက ၂၀ ရာခိုင်နှုန်းရတယ်လို့ သိရတယ်။ ရွာသားတွေလည်း ရွာသူကြီးက ပြည်သူ့စစ်ဖြစ်နေတော့ ကြောက်လို့သာ မပြောကြတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

တရားမဝင် ရွှေတူးဖော်ရေး လုပ်ဆောင်နေသည်မှာ လုပ်ကွက် အမှတ် ၅ အထိ ရှိပြီဟု သိရှိရပြီး ၂၀၂၃ ခုနှစ်အတွင်း စတင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article