25 C
Yangon

ရန်ကုန်တွင် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

သတင်းဌာနများတွင် ဖမ်းဆီးမှု သတင်းများတက်နေလျှင် အဖမ်းခံထားရသူများ အခက်ဖြစ်လိမ့်မည်ဟု စစ်တပ်က ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရခိုင်သို့သွားမည့် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း ရွှေပြည်သာတပ်တွင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်းမှ ရခိုင်ဘက်သို့ ဦးတည် ထွက်ခွာလာသော အောင်စစ်ခိုင် ခရီးသည်တင်ကား ၂ စီး အပါအဝင် ရခိုင်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား ၃ စီးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တင်ကား ၃ စီးကို တပ်ထဲသို့ မောင်းခိုင်းပြီး ခရီးသည်တင်ကားပေါ်မှ ပြည်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၇ ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သိရှိရသည်။

“ရွှေပြည်သာ ကန်သာယာမှတ်တိုင်ရှေ့က တပ်ထဲကို ကားတွေ ဝင်သွားတယ်ဆိုလို့ အဲဒီတပ်ဂိတ်အ၀မှာ သွားမေးတာ။ဘာတွေ လာမေးနေတာလဲ။ ဖမ်းပစ်လိုက်မယ်။ ပြီးရင် သတင်းဌာနတွေ လျှောက်ပြော ဖမ်းခံထားရတဲ့သူတွေ အကုန်သေကုန်မယ်။ နောက် လာမမေးနဲ့။ ဒီမှာ မရှိဘူးဆိုပြီး ပြောလွှတ်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ အမျိုးသားတချို့၏ မိသားစုဝင်များက အောင်စစ်ခိုင် ကားဂိတ်သို့ သွားရောက်စုံစမ်းရာ စစ်တပ်က စစ်ဆေးစရာရှိသည်ဟု ဖမ်းဆီးထားသည်ဟု သိရှိရသည်ပြန်လည် ပြောဆိုကြောင်း၊ ရွှေပြည်သာစစ်တပ်ထဲသို့ လိုက်သွားသောအခါ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်တပ်သတင်းရင်းမြစ်တချို့ကို ဆက်သွယ်မေးမြန်းရာ ရခိုင်သို့ ပြန်ကြမည့် သူများကို စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ရန် ညွှန်ကြားမှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း၊ ရခိုင်သို့ ပြန်၍ AA နှင့်ပူးပေါင်းကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ၊ ထို့ပြင် AA က ဖိတ်ခေါ်ထားမှုကြောင့် ရခိုင်တိုင်းရင်းသား လူငယ်များ ရခိုင်သို့ ပြန်၍ စစ်တပ်ကို တိုက်ခိုက်မှုများတွင်ပူးပေါင်း ပါဝင်မည်ကို တားဆီးရန်ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အများစုမှာ အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး တောင်ကုတ်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များက ဖြစ်ပြီး အမျိုးသားများ အများဆုံး ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးခံစာရင်း ၁၀၀ ကျော်ထဲက ၁၄ ဦးစာရင်းကို နာမည်နှင့်တစ်ကွ ရရှိထားပြီး ၎င်းတို့မှာ မြေပုံမြို့နယ် ယောချောင်းရွာသာယာ ကျေးရွာမှ လူငယ်များဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ ရဲဝင်းလှိုင်၊ ဖြိုးထူးစံ၊ ဘိုစောဟိန်း၊ ဦးဝင်းကျော်၊ စုလင်းရွှေ၊ စိုးမြင့်အောင်၊ အေးချမ်းတင်၊ အေးဆန်းဝင်း၊ ချိုချိုသန်း၊ မိုးထက်သူ၊ ချစ်ဆန်းခင်၊ ဖြူဖြူစိုး၊ အေးသီတာ၊ ခင်သန်းနွယ်တို့ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း ရဲဝင်းလှိုင်၏ ဖခင် ဦးဘတင်က ပြောသည်။

“၂၀ ရက်နေ့ကနေ စစ်ကောင်စီက ဖမ်းသွားတာ။ အခုထိ အဆက်အသွယ် မရသေးဘူး။ သားကို ဖုန်းဆက်ရင်လည်း ဖုန်းကဝင်တယ်။ မကိုင်ဘူး။ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး။ ကျနော်တို့ စုံစမ်းရသလောက် လှိုင်သာယာ တပ်မ ၅ မှာ ကလေးတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကလေးတွေနဲ့ စကားပြောနိုင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစဉ် ကား ၃ စီးကို တစ်ခါတည်း တပ်ထဲသို့ ခေါ်ယူသွားခြင်းဖြစ်ပြီး အဆိုပါ ခရီးသည် ရခိုင်တိုင်းသား ၁၀၀ ကျော်ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တပ်မ ၅ ၌ ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲမှ မချိုချိုသန်း မိခင်ဖြစ်သူက ” ကျမတို့ ကလေးတွေအတွက် အရမ်းစိတ်ပူပါတယ်။ သူတို့က ရန်ကုန်မှာ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်နေကြတာပါ။ ရန်ကုန်မှာ အခြေအနေမကောင်းတော့လို့ ရခိုင်ကို ပြန်လာဖို့ ခေါ်ချတာပါ။ သမီးလေးက အပျိုလေးပါ။ တစ်ခုခု ဖြစ်သွားမှာကို အရမ်းစိုးရိမ်နေပါတယ်။ ပြန်လွှတ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ကူညီပေးနိုင်သူများ ကူညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ မိသားစုဝင်များမှာ အာဏာသိမ်း စစ်ကောင်စီမှ အဆက်အသွယ် လုပ်လာမည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ငွေကြေးဖြင့် ပြန်ရွေးပါဆိုလျှင်လည်း ငွေကြေးပေးမည်ဟု မြေပုံမြို့နယ် ယောချောင်းရွာသာယာမှ မိသားစုဝင်များက ပြောဆိုနေကြသည်။

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသော ၁၀၀ ကျော်မှာ နိုင်ငံရေးနှင့်ဆက်စပ်ဆောင်ရွက်သူ တစ်ယောက်မှ ပါဝင်ခြင်းမရှိဘဲ အများစုက ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေကြသော လူငယ်များဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်ကလည်း ရွှေပြည်သာ ထန်းခြောက်ပင်ရပ်ကွက်တွင် အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားကာ အရပ်ပေစံချိန်မမီ၍ တစ်ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

ကျန် အမျိုးသမီး ၄ ဦးမှာ ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းနှင့် ၎င်းတို့မှာ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့က ဖြစ်ကြသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညကလည်း ရခိုင်ကိုပြန်သည့် လူ ၂၀ ကျော် ပဲခူးတိုင်း၊ ပြည်မြို့ရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်နေစဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယခုအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်တွင်ရှိနေသော ရခိုင်တိုင်းရင်းသားလူငယ်များကို အဓိက ဦးတည်ဖမ်းဆီးလျှက်ရှိနေပြီး ရန်ကုန်လေဆိပ်တွင်လည်း ရခိုင်ပြန်ကြမည့် အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အတွင်းရှိ ရခိုင်လူငယ်များကို သွားလာခွင့်ပိတ်ပင်နေကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှု ခံခဲ့ရသည့် ရခိုင်လူငယ်များ စီးနင်းခဲ့သော အောင်စစ်ခိုင် ကားလိုင်းမှ ခရီးသည်တင်ကားတစ်စီး။

(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ ဖမ်းဆီးမှု ခံခဲ့ရသည့် ရခိုင်လူငယ်များ စီးနင်းခဲ့သော အောင်စစ်ခိုင် ကားလိုင်းမှ ခရီးသည်တင်ကားတစ်စီး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article