32 C
Yangon

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်အတွင်း ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံး၊ ဗုံးသယ်ဆောင်လာသူများဟု စစ်တပ်က စွပ်စွဲ သတင်းဖော်ပြ

Must read

ရန်ကုန်၊ မတ် ၂

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာတွင် လှိုင်သာယာမြို့နယ်နှင့် အင်းစိန်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများတွင် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်အချိန်မှ ည ၉ နာရီအတွင်း ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၊အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ဗုံးများအသီးသီးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ညပိုင်း ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၃ ထိပ် ဗုံးပေါက်ကွဲမှုတွင် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာ ၃ထိပ်မှာ ဗုံးပေါက်တာ။ လူ ၂ ယောက်သေနေတယ်။ စက်ဘီးအောက်မှာ တစ်ယောက်၊ လမ်းဘေးမြောင်းနားမှာ တစ်ယောက်က အူတွေပါပွင့်တယ်။ ၂ ဦးလုံးပွဲချင်းပြီး သေနေကြတာ” ဟု မျက်မြင်ဒေသပြည်သူက ရှင်းပြသည်။

အလားတူ ယမန်နေ့ည ၇ နာရီ ၄၄ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အောင်ဆန်းကျောင်းဂိတ်တွင်လည်း ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ကားတစ်စီးမီးလောင်ခဲ့ကာ ကားပေါ်ပါ လူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကားမီးလောင်သွားတာမှာ ကားထဲက လူ ၂ ဦးသေတယ်လို့ သိရပါတယ်။ မီးသတ်က မီးငြိမ်းပြီးမှ ကားထဲမှာ အလောင်းတွေ့တာ။ နောက်ပြီး ကားပေါ်မှာပဲ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလို့ သိရတယ်” ဟု အင်းစိန်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သော ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကမူ အင်းစိန်နှင့် လှိုင်သာယာ ဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူများမှာ ဗုံးသယ်ဆောင်လာသူများဖြစ်သည်ဟု စွပ်စွဲသတင်းဖော်ပြထားသော်လည်း ယင်းဖော်ပြချက်ကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article