29 C
Yangon

နိုင်ငံတကာ၏ လျစ်လျူရှုမှုခံနေရသည့် မြန်မာပြည်သူများ မဆုံးနိုင်သော ဒုက္ခများ ခံစားနေရပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက် ရရှိနေမှုများ ကန့်သတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပြောဆို

Must read

နိုင်ငံတကာ၏ လျစ်လျူရှုမှုခံနေရသည့် မြန်မာပြည်သူများ မဆုံးနိုင်သော ဒုက္ခများ ခံစားနေရပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက် ရရှိနေမှုများ ကန့်သတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပြောဆို

ရန်ကုန်၊ မတ် ၂

နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဂရုစိုက်မှု မရရှိဘဲ လျစ်လျူရှုခံထားရသည့် မြန်မာပြည်သူများသည် မဆုံးနိုင်သော ဒုက္ခများ ကြုံတွေ့ ခံစားနေရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ပြောဆိုလိုက်သည်။

“သုံးနှစ်ကြာ စစ်အာဏာရှင် အုပ်စိုးမှုဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ်မှာ ခံစားရခက်တဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီး တွေ့ကြုံခံစားနေရတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်လာကာ အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အပါအဝင် လူပေါင်း ထောင်နှင့်ချီ၍ အသက်ဆုံးရှုံးနေရကြောင်း၊ ရာနှင့်ချီသော အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၄၆၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အမျိုးသမီးများ အပါအဝင် အရပ်သား ပြည်သူရာပေါင်းများစွာကို အရှင်လတ်လတ် မီးရှို့သတ်ခြင်း နှင့် စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြောင်း၊ မြေပြင်တွင် သေဆုံးမှု အရေအတွက် ထိုထက်ပို၍ များပြားနိုင်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူ့အသက်ကို အလေးမထားခြင်းကြောင့် “အခြေခံလူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း၊ အမျိုးသမီး ၃၉၀၉ ဦး အပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်သူ နှစ်သောင်းကျော် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အချိန်မရွေး အဖမ်းခံရနိုင်ပြီး ယင်းအခြေအနေကို ကြောက်ရွံ့နေရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များက မတော်မတရားပြုမှုနှင့် အခြားချိုးဖောက်မှုများစွာ ကျူးလွန်နေကြကြောင်း ၎င်းက ဆိုသည်။

“ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အစီရင်ခံစာတွေကို ဖတ်ရတာ အရမ်းတုန်လှုပ်မိပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးက ပြောဆိုသည်။

တိုင်းရင်းသား များအကြား၊ လူမျိုးစုများအကြား ပဋိပက္ခများဖြစ်ပေါ်စေရန် စစ်တပ်က အစွန်းရောက် အမျိုး သား ရေးဝါဒီနှင့် ပြည်သူ့စစ်များကို အသုံးချခဲ့ကြောင်း ပြောဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်ပစ်ရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို အပြည့်အဝလိုက် နာရန် တောင်းဆိုပြီး နိုင်ငံတကာအနေဖြင့် စုစည်းညီညွတ်စွာဖြင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ရန်၊ စစ်ဘက်ဆိုင်ရာ လက်နက်ပံ့ပိုးမှုများ ကန့်သတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုသည်။

“ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံက လူတွေဟာ ပိုမိုကောင်းမွန်လုံခြုံတဲ့ အနာဂတ်အတွက် သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက် စွန့်စားစွန့်လွှတ်ခဲ့ကြတယ်။ သူတို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article