25 C
Yangon

စစ်ကောင်စီကို ရုရှားနိုင်ငံဆိုင်ရာ အာဆီယံ ညှိုနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများဖြစ်နေ

Must read

အာဆီယံဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အားပေးအားမြှောက် ပြုလုပ်နေဟုဆို

ရန်ကုန်၊ မတ် ၅

ကမ္ဘာ့ဗီလိန်ဘွဲ့ ခံယူထားတဲ့ ရုရှားအစိုးရနဲ့ အာဆီယံ ဆက်ဆံရေးအတွက် ညှိုနှိုင်းရေးမှူးအသစ်အဖြစ် အကြမ်းဖက် တရားမဝင် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းအပေါ် Justice For Myanmar (JFM) က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

အာဆီယံရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာမှာ စစ်အုပ်စုကို မြန်မာအစိုးရအဖြစ် အသိအမှတ် ပြုလိုက်ခြင်း ဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုလိုက်တာပါ။

ဒီလိုခန့်အပ်ခြင်းဖြင့် အာဆီယံဟာ ကမ္ဘာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ နိုင်ငံနှစ်ခုကို ပိုမိုနီးစပ်စေပြီး အားပေးအားမြှောက် ပြုလုပ်ပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Justice For Myanmar က ထောက်ပြဝေဖန်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆီယံဟာ တရားမဝင် မြန်မာစစ်အုပ်စုကို ၂၀၂၇ လောက်အထိ သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ အဆိုပါရာထူးကို ခန့်အပ်လိုက်ခြင်း ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ စစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက် ထောက်ပံ့ရောင်းချနေတဲ့ ရုရှားအစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ကူညီပံ့ပိုးပေးရာ ရောက်သွားတယ်လို့ ဆိုလိုက်တာပါ။

ရုရှားဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးဖြစ်လာတဲ့ စစ်ကောင်စီအနေနဲ့ ရုရှား၊ အာဆီယံအရေး အစည်းအဝေးတွေမှာ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အာဆီယံကို ကိုယ်စားပြုဆွေးနွေးခြင်း စတဲ့အခွင့်အရေးတွေကို လုပ်ဆောင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ ရုရှားနိုင်ငံဟာ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုထံ အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်းရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်အုပ်စုကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားအသုံးပြုခဲ့တဲ့ စစ်လက်နက်အချို့ကို ပြန်လည်တင်ပို့ ရောင်းချပေးခဲ့တယ်လို့ JFM ကဆိုပါတယ်။

ဒါ့အပြင် မြန်မာ စစ်အုပ်စုဟာ ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာတိုပေးပို့ဘဏ်စနစ် (SPFS) ကို မကြာသေးမီက စတင်အသုံးပြုခဲ့ပြီး၊ အဲ့ဒီ့စနစ်ကနေ နိုင်ငံတကာ ငွေကြေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားကာ နှစ်နိုင်ငံအကြား တိုက်ရိုက်ငွေပေးချေမှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ JFM က သတိပေးထားပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးအဖြစ် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းမှုတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ အဖွဲ့ဝင်တစ်ချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားဝါဒဖြန့်ချိရေး သတင်းတွေအရ အဆိုပါခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရုရှား-အာဆီယံ ဆွေးနွေးပွဲ အလားအလာများကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ရှိနေစဥ်အတွင်း ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်အုပ်စုနဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်ရေး ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြတာပါ။

အဆိုပါဆွေးနွေးမှုများအတွင်း နူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ရေး အစီအစဉ်လည်း ပါဝင်ပါတယ်။ စစ်အုပ်စုနဲ့ရုရှား နှစ်နိုင်ငံလုံးဟာ နိုင်ငံတကာကို ဂရုမစိုက်တဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်တာကြောင့် ဒါဟာ အရှေ့တောင်အာရှမှာ နူကလီးယား ပြန့်ပွားမယ့် အန္တရာယ်ကို ဖန်တီးစေလိုက်ခြင်း ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ရုရှားအစိုးရနဲ့ အာဆီယံကိုယ်စား ဆက်သွယ်ပြောဆိုဖို့ မြန်မာစစ်ကောင်စီကို ညှို့နှိုင်းရေးမှုးအဖြစ် ခန့်အပ်လိုက်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ ဆန့်ကျင်နေပြီး လက်ရှိအချိန်အထိ စစ်အုပ်စုကို အောင်အောင်မြင်မြင် တော်လှန်ပုန်ကန် ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို လျစ်လျူရှုလိုက်ခြင်း ဖြစ်တယ်လို့လည်း JFM ကဝေဖန်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အီးယူဟာ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုလိုတာကြောင့်၊ ၎င်းနဲ့ အာဆီယံ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှုးတာဝန်ကို မြန်မာစစ်အုပ်စုက ရယူခြင်းအပေါ် ငြင်းပယ်ခဲ့ပါတယ်။

အဲဒီအကျိုးဆက်အနေနဲ့ စစ်အုပ်စုကို ညှိနှိုင်းရေးမှူးတာဝန်ပေးခြင်း ရပ်စဲရမယ့်အစား အာဆီယံဟာ ညှိနှိုင်းရေးမှူးတာဝန်တွေကို ဘရူနိုင်းနိုင်ငံနဲ့ ပြောင်းလဲ လဲလှယ်တာဝန်ပေးခဲ့ပြီး၊ စစ်အုပ်စုကို ရုရှားနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာနိုင်ငံအတွင်း အကျပ်အတည်းတွေအပေါ် တုန့်ပြန်ဖြေရှင်းတဲ့နေရာမှာ အာဆီယံဟာ ထိရောက်မှု မရှိသလို၊ အသုံးလည်း ဝင်မနေပါဘူး။ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပံ့ပိုးကူညီမှုတွေ ပေးအပ်နေတာကြောင့် အာဆီယံဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေမှာ ကြံရာပါပတ်သက်မှု တကယ့်ကို ဆိုးဆိုးဝါးဝါး ရှိနေတာပါ” လို့ ပြောလိုက်ပါတယ်။

ရုရှားအစိုးရဟာ စစ်တပ်ကို နှစ်ရှည်လများ စစ်လက်နက် အဓိကထောက်ပံ့နေသူတွေထဲက တစ်ဦး ဖြစ်သလို၊ နိုင်ငံရေး ကျောထောက်နောက်ခံမှု ပေးနေပြီး၊ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးနေတယ် လို့လည်း သူမက ဆိုပါတယ်။

ဒါ့ကြောင့် အာဆီယံအနေနဲ့ မြန်မာ့ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်နေတာတွေကို ပံ့ပိုးကူညီရမယ့်အချိန် ကျရောက်နေပြီ ဖြစ်တယ်လို့ မရတနာမောင်က ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article