35 C
Yangon

နွေဦးတော်လှန်ရေးအတွင်း တိုင်းရင်းသားလွတ်မြောက်ရေး အောင်ပွဲများ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ရေး အားလုံး၀ိုင်းဝန်း ကူညီကြရန် NUG သမ္မတ တိုက်တွန်း

Must read

နွေဦးတော်လှန်ရေးအတွင်း တိုင်းရင်းသားလွတ်မြောက်ရေး အောင်ပွဲများ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ရေး အားလုံး၀ိုင်းဝန်း ကူညီကြရန် NUG သမ္မတ တိုက်တွန်း

ရန်ကုန်၊ မတ် ၅

နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလွတ်မြောက်ရေး အောင်ပွဲများ အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ရေး အားလုံး၀ိုင်းဝန်း ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG သမ္မတဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“နွေဦးတော်လှန်ရေးအတွင်းက တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ အောင်ပွဲကို လှိုက်လှိုက်လှဲလှဲ ကြို ဆို ထောက်ခံပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေ အရှိန် အဟုန်မြင့်မြင့် တက်လှမ်းနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း အားပေး ကူညီဖို့လည်း အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုးတက်ကောင်းမွန်မှုများကို မြင်တွေ့ရကြောင်း၊ စစ်ရေးနှင့် နိုင်ငံရေး ကိစ္စများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မျှခြေညီအောင် အစဉ်တစိုက် ကြိုးစားနေကြကြောင်း၊ AA ခေါင်းဆောင်များ၏ ပြည်ထောင်စုမှ ခွဲမထွက်ဆိုသော သဘောထားကို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်လိုက်ရသဖြင့် ပြည်ထောင်စု စုဖွဲ့မှုအပေါ် အထောက်အပံ့ဖြစ်စေကြောင်း သမ္မတဒူဝါလရှီးလက ဆိုသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်တွေမှာ ခုခံတော်လှန်စစ်လှိုင်းလုံးနဲ့အတူ တိုင်းရင်းသားလွတ် မြောက်ရေးကို အချိန်တို အတွင်း အဆင့်ပေါင်းများစွာ တက်လှမ်းနိုင်တဲ့အတွက် နိုင်ငံရေးအရ ကြီးမားသော အောင်ပွဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် ရက္ခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အလုံးစုံ မောင်းထုတ် ချေမှုန်းနိုင်ဖို့ အထူး ဝီရိယစိုက်ထုတ်နေကြတာကို အထင်အရှားတွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရက္ခိုင်တော်လှန်ရေးအောင်ပွဲတွေဟာ အားတက်စရာဖြစ်သလို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီလို ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေ၊ တိုင်းရင်း သားတော်လှန်ရေးတွေ အောင်ပွဲခံလာနိုင်ခြင်းအပေါ် တစ်ခဲနက် အားပေး ထောက်ခံကြတာကို တွေ့ရပါတယ်” ဟု NUG သမ္မတက ရှင်းပြသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းမှသာ တိုင်းရင်းသားများ၏ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူ့အခွင့်အရေး ပြည့်၀သော ပြည်ထောင်စုတည်ဆောက်ရေး ရရှိမည်ဖြစ်ကြောင်း သမ္မတက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article