လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ အနီးရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ မတ် ၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့ ည ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းတစ်ခုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များက ၈၁ မမ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်းအကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ထိခိုက်မှုကတော့ စုံစမ်းနေတုန်းပဲ အတည်မပြုနိုင်သေးဘူး။ အဲစခန်းမှာ အခုထိ ခွေးတွေ တပ်စွဲထားတုန်းပဲ မဆုတ်သေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လိပ်ပြာ တပ်စု ၊ တောသားလေးတပ်စု နှင့် ဂဠုန်တပ်စုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
