25 C
Yangon

မင်းပြားမြို့နယ်၊ မန်တောင်ချောင်းဝတွင် ရခိုင် ၃ ဦးနှင့် ချင်း ၂ ဦးကို စစ်တပ်က ပစ်သတ်

Must read

မင်းပြားမြို့နယ်၊ မန်တောင်ချောင်းဝတွင် ရခိုင် ၃ ဦးနှင့် ချင်း ၂ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မတ် ၁၆

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မာန်တောင်ချောင်းဝတွင် ရခိုင်လူမျိုး ၃ ဦးနှင့် ချင်းလူမျိုး ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်တပ်၏ ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာသူ ဦးမောင်လှဝင်းက ပြောကြားသည်။

မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ရက္ခိုင့်တပ်တော်၏ ကယ်တင်မှုကြောင့် အသက်ရှင် လွတ်မြောက်လာခဲ့သူ ဦးမောင်လှဝင်းက စစ်တပ်၏ သတ်ဖြတ်မှုနှင့်ပတ်သက်၍ မျက်မြင်ကြုံတွေ့ရမှုများကို ထိုသို့ ပြန်လည် ပြောဆိုခြင်းဖြစ်သည်။

“ရောက်တဲ့နေရာ ပြန်လွှတ်ပေးမယ်၊ ဘာညာ စိတ်မပူနဲ့ဆိုပြီးတော့ နောက်ဆုံး မင်းတုန်းချောင်းဝ (မန်တောင်ချောင်းဝ) ရောက်တာနဲ့ မတ်လ ၃ ရက်နေ့မှာ ရခိုင်သား ၃ ယောက်၊ ချင်း ၂ ယောက်ကို သတ်လိုက်ပါတယ်၊ ချင်းနှစ်ယောက်မှာ ၁ ယောက်က လွတ်မြောက်လာပါတယ်၊ ပခုံးမှာ ကျည်ချော် ပြီး တော့ သေဟန်ဆောင်လိုက်လို့ လွတ်လာပါတယ်။ အဲဒီကနေ ဆက်သွားတော့ ပါချောင်းဝမှာ အိပ်ပါတယ်၊ ကိုးလုံးတောင်ကို တက်တယ်၊ ကိုးလုံးတောင် တက်တာနဲ့ ကိုးလုံးတောင်အထက်မှာ ကျနော်တို့နောက်ထပ် ၁၀ ယောက်ကို အဘက အမိန့်ပေးတာ နဲ့ သတ်ဖို့အတွက် သူတို့စီမံခန့်ခွဲထား ပါတယ်။”ဟု ဦးမောင်လှဝင်း က ပြောကြားသည်။

ထိုသို့ ၎င်းတို့ ၁၀ ဦးသတ်ဖြတ်ရန် စီစဉ်ထားသော်လည်း လမ်းခရီး၌ နွားတစ်ကောင်နှင့်ကျွဲတစ် ကောင်တွေ့ရှိပြီး နွားနှင့်ကျွဲကို ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတို့ အသားဖျင်ခိုင်းရန်အတွက် မသတ်ဖြစ်ပဲ နောက်တနေ့မိုးလင်းပါက သတ်ဖြတ်ရန် စီစဉ်ထားခဲ့ကြောင်း၊ နောက်တနေ့ နံနက် ၅ နာရီခွဲခန့်တွင် ရခိုင့်တပ်တော် – AA ၏ ကယ်ထုတ်ခံခဲ့ရကြောင်း သိရသည်။

“ကျနော်တို့ကို သတ်လိုက်ရင် ကျွဲ၊ နွားကို ဖျက်မယ့် သူမရှိ၊ ပြီးတော့ အချိန်လည်း မမီ၊ ရှုတ်ယှက် ခတ်နေပါတယ်။ ဒါပေမယ့် မနက်စောစောကျရင်တော့ ကျနော်တို့ကို သတ်တော့မယ်ဆိုတာကို သိ ထားပါတယ်။ ကျနော်တို့ တစ်ညလုံးမအိပ်ရဘဲ ထိုင်နေရပါတယ်။ မိုးမလင်းခင် မနက်စောစော ၅ နာရီခွဲလောက်မှာ ကျနော်တို့ကို ရခိုင့်တပ်တော် -AA က လာကယ် ထုတ်ခဲ့ပါတယ်။” ဟု ဦးမောင် လှဝင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတ်သားများသည် တောင်ပေါက်ရွာနှင့် အနီးမဝေးရှိ ဦးမောင်လှဝင်း၏ ယောက္ခမနေအိမ်သို့ ဝင်ရောက်ကာ ဆီ၊ ဆန်၊ ဆား၊ ငပိအပါအဝင်ငွေကျပ် ၁၁ သိန်းကို ယူဆောင် ကာ ၎င်းကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ ကြိုဖြင့်ချည်နှောင် ရိုက်နှက်ခြင်း၊ ညပိုင်းတွင် ရာသီဥတုအေးချမ်းနေသော်လည်း ခြုံစရာစောင်ပေးကမ်းမှုမရှိခြင်း တို့ဖြင့် အမျိုးမျိုးနှိပ် စက်ခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article