25 C
Yangon

ပုဏ္ဏားကျွန်းတွင် ၂ ရက်အတွင်း စစ်တပ်က ပစ်ခတ်၍ အရပ်သားပြည်သူ ၃ ဦးသေဆုံး

Must read

ပုဏ္ဏားကျွန်းတွင် ၂ ရက်အတွင်း စစ်တပ်က ပစ်ခတ်၍ အရပ်သားပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်| မတ် ၁၆

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေပြီး ၂ ရက်အတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ၂၄ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြကြောင်း စုံစမ်းသိရသည်။

မတ်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က စစ်တွေမြို့ ပါဒလိပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခလရ ၃၄၄ တပ်ရင်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များက ပုဏ္ဏားကျွန်းမြို့တွင် ကျရောက်ပေါက်ကွဲပြီး ဒေသပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြီကျေးရွာမှ ၃ ဦးဒဏ်ရာရသူမှာ အမျိုးသမီး နှစ်ဦး ခြေထောက်ပြတ်ထွက်သွားပြီး အမျိုးသားတစ်ဦးမှာလည်း ခြေထောက်၌ ဒဏ်ရာ ရရှိသွားသည်။

ထို့ပြင် မတ်လ ၁၄ ရက်နေ့ နံနက်ကလည်း စစ်တွေမြို့အနီးရှိ စစ်ကောင်စီနေဗီမှ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ပေါက်တောမြို့နယ် ဆယ်သိန်းတန်ကျေးရွာ ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပေါက်တောမြို့နယ် ဆယ်သိန်းတန်ကျေးရွာဒေသခံ ၁၄ ဦးမှာ စစ်ရှောင်များအား ကူညီကယ်ဆယ်ရေးထောက်ပံ့ပေးပြီးနောက် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေချိန် စစ်ကောင်စီနေဗီက လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်း ၁၄ ဦးထဲက ကိုစိန်ထွန်းကျော်၊ ကိုဦးလှမောင်နှင့် ကိုမောင်လှချေတို့သည် ပွဲချင်းပြီးသေဆုံးသွားခဲ့ရကာ ကျန် ၁၁ ဦးမှာ ခြေပြတ်၊ လက်ပြတ်ဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိ၍ လက်ရှိ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာတွင်လည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြစ်မဲ့ပြည်သူများနေထိုင်ရာ ကျေးရွာများနှင့် မြို့ရပ်ရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများ ပစ်ခတ်မှု နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အထူးသဖြင့် လက်ရှိတိုက်ပွဲပြင်းထန်နေသော ရသေ့တောင်မြို့နယ်နှင့် AA သိမ်းပိုက်ရရှိထားသော မြို့ရပ်ရွာများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိပြီး အပြစ်မဲ့ဒေသခံပြည်သူများမှာ အသက်သေဆုံးခြင်း၊ ပြင်းထန်ဒဏ်ရာများ ရရှိခြင်းများရှိနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article