37 C
Yangon

ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုပါက သိန်း ၆၀ ပေးရန် ရွာမှ တောင်းယူပြီးနောက် လူငယ် ၃ ဦးကို စစ်တပ်ထဲပို့

Must read

ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုပါက သိန်း ၆၀ ပေးရန် ရွာမှ တောင်းယူပြီးနောက် လူငယ် ၃ ဦးကို စစ်တပ်ထဲပို့

■ ငွေကြေးမတတ်နိုင်သော ဆင်းရဲသည့် အခြေခံလူတန်းစား လူငယ်များမှာ စစ်ထဲအတင်းအကျပ် သွပ်သွင်းခံရသော ပစ်မှတ်များဖြစ်လာ

ရန်ကုန်၊ မတ် ၁၇

ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမ ကျေးရွာအုပ်ချုပ်ရေးမှူး လှဝင်းက ကျေးရွာရှိ ပြည်သူများအနေ ဖြင့် စစ်မှုမထမ်းလိုပါက ရွာမှ ပြည်သူများ စုပေါင်း၍ သိန်း ၆၀ ပေးရန် တောင်းယူခဲ့ပြီးနောက် ကတိတည် ခြင်းမရှိဘဲ ကျေးရွာမှ လူငယ် ၃ ဦးကို အတင်းအကျပ် စစ်တပ်သို့ နာမည်စာရင်းပေးလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့မှစတင်ပြီး ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာတွင် စစ်တပ်က စစ်မှုထမ်းမည့် လူငယ်များစာရင်း တောင်းခံမှုများရှိလာကြောင်း၊ ထိုအချိန် ကျေးရွာအုပ်ချုပ်ရေးမှူး လှဝင်းက ရွာမှ ပြည်သူများအနေဖြင့် စစ်မှုမထမ်းလိုပါက စစ်တပ်ထံသို့ ငွေကျပ် သိန်း ၆၀ ပေးပြီးညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောဆိုလာကြောင်း၊ ထို့ကြောင့် ကျေးရွာမှ ပြည်သူများစုပေါင်းကာ ငွေကျပ် သိန်း ၆၀ အလျှင်အမြန်ပေးလိုက် ကြကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးမှူး လှဝင်း တောင်းဆိုသော ငွေကျပ် သိန်း ၆၀ ကို ပေးခဲ့သော်လည်း နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူးက ရွာမှ လူငယ် ၃ ဦး၏ နာမည်စာရင်းကို စစ်ထပ်ထံသို့ ပေးပို့ပြီး စစ်တပ်က လူငယ် ၃ ဦးကိုသာ မဖြစ်မနေ ခေါ်ယူမည်ဖြစ်ပြီး ကျန်လူများ မပါဝင်တော့ဟု လှည့်ပတ် လိမ်လည်ပြောဆိုကြောင်း သိရှိရသည်။

“စစ်မှုမထမ်းချင်လို့ တစ်ရွာလုံးက အုပ်ချုပ်ရေးမှူးနဲ့စစ်တပ်က တောင်းတဲ့ ပိုက်ဆံသိန်း‌ ၆၀ ပေးခဲ့ပါတယ်။ ပိုက်ဆံသိန်း ၆၀ ပေးခဲ့ပေမယ့်လည်း ရွာမှာရှိတဲ့ လူငယ် ၃ ဦးကို လိမ်ညာလှည့်ပတ်ခေါ်သွားတယ်။ မတ်လ ၁၅ ရက်နေ့မှာ ရွာကို အစည်းအဝေးခေါ်တယ်။ မတ်လ ၁၆ ရက်နေ့မှ မနက်မှာ ရွာက လူငယ် ၃ ဦးကို စစ်တပ်ဆီ ပို့တယ်။ အုပ်ချုပ်ရေးမှူးဟာ ငွေ သိန်း ၆၀ ယူပြီးတော့မှ ရွာသူရွာသားတွေကိုလိမ်ညာခဲ့ပါတယ်။ သိန်း ၆၀ တောင်းတုန်းက ရွာသူရွာသားတွေကို စစ်တပ်က တောင်းတဲ့ငွေကို ပေးရင်စစ်မှုမထမ်းရဘူးလို့ ပြောခဲ့တယ်။ အဲဒါကြောင့် ရွာသူရွာသားတွေ စုပေါင်းပြီး ငွေစုပေးခဲ့ကြတာ။ အဲ့ဒီအုပ်ချုပ်ရေးမှူး ပြောခဲ့တာက စစ်တပ် တောင်းတဲ့ပိုက်ဆံပေးရင် ငါတို့ရွာဟာစစ်မှူမထမ်းရဘူး ဆိုပြီး သူ့ပါးစပ်က ပြောခဲ့တာ။ ငွေပေးပြီးတော့ ရွာသူရွာသားတွေက စိတ်ချလက်ချနေတာပေါ့။ အခုတော့ အလိမ်ခံရတယ်ဆိုတော့ ရွာက မကျေနပ်ဘူး။ မကျေနပ်လဲ ဘာမှ လုပ်မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆယ့်လေးရွာအုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး မြင့်စိုး (ခေါ်) ကိုပိန်က အိမ်ခြေ ၆၀၀ ကျော်ရှိသော ကျေးရွာမှ ပြည်သူများကို စစ်ထဲမလိုက်ရသော အိမ်ထောင်စုများထံမှ လစဉ် ကင်းကြေး ၈၀၀၀ ကျပ်နှင့် လစဉ်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၂၈၀၀၀ စတင်ကောက်ခံနေကြောင်း၊ အရေးပေါ် အစည်းအဝေးခေါ်၍ လစဉ် ငွေကြေးပေးရန် တောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆယ့်လေးရွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုပိန်ကနေ ရွာကို အစည်းအဝေးခေါ်ပြီး စစ်ထဲမလိုက်ရတဲ့ အိမ်တွေက တစ်လကို ၂၈၀၀၀ ကျပ် မဖြစ်မနေပေးရမယ်။ မပေးဘဲ နေလို့မရဘူး။ ကွန်းပလိန်မတက်နဲ့။ ဒါ သူ့အမိန့်ပဲလို့ပြောတယ်။ အိမ်ခြေ ၆၀၀ ကျော်တယ်။ ရွာမှာက ပြည်သူတွေ မကျေနပ်ကြဘူး။ ဒါပေမယ့် ကြောက်လို့ မပြောရဲကြဘူး” ဟု ဆယ့်လေးရွာမှ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ထို့အတူ ပဲခူးတိုင်း တောင်ငူမြို့နယ်တွင်လည်း စစ်မှုထမ်းရန် လူငယ်များကို မဲနှိုက်ခိုင်းပြီး ငွေကြေးပေးနိုင်သော လူငယ်များမှာ နာမည်စာရင်းသာရှိပြီး မဲနှိုက်ရသည့်သူများတွင် မပါဝင်ကြောင်း၊ ငွေကြေးမတတ်နိုင်သော ဆင်းရဲသားဝင်ငွေနည်းမိသားစုများမှ လူငယ်များသာ မဲနှိုက်ရပြီး စစ်ထဲဝင်မည့် စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။

“တောင်ငူမြို့ မဲနှိုက်ရတဲ့ စာရင်းမှာ ငွေမပေးနိုင်တဲ့ ဆင်းရဲတဲ့ သူတွေပဲ ထိပ် ဆုံး က။ ကျန်တဲ့သူဌေး သားသမီး၊ အုပ်ကြီး အမျိုးမှန်သမျှ မပါဘူး။ ဆင်းရဲတဲ့ လူငယ်တွေကိုချည်း ပစ်မှတ်ထားနေတာ။ ချမ်းသာသူတွေနဲ့သူတို့ အသိုင်း အ ၀ိုင်းတွေ ကို တကယ် မပါ တာအံ့သြစရာ။ လူငယ် အမျိုးသား ၅ ဦးလောက်ရှိတဲ့ ငွေရှင်ကြေးရှင်မိသားစုဆိုရင် တစ်ဦးမှ မဲနှိုက်စာရင်းထဲ မထည့်ဘူး။ မဲနှိုက်ခိုင်းတဲ့ လူငယ်တွေ ကြည့်လိုက်ရင် တစ်နေ့ တစ်နေ့စား မိသားစုတွေချည်းပဲ” ဟု တောင်ငူမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကာ ဧပြီလကုန်တွင် စစ်မှုထမ်းရမည့် လူငယ်များကို စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဝါးခယ်မမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန် စည်းရုံးဟောပြော နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article