26 C
Yangon

ရခိုင်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင် ဖိတ်ခေါ်

Must read

ရခိုင်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စတင် ဖိတ်ခေါ်

ရန်ကုန်၊ မတ် ၂၅

ရခိုင်ပြည်တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့်သူများ အနေ ဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ ဖိတ်ခေါ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယနေ့ တရားဝင် စတင် ဖိတ်ခေါ် လိုက်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသ ဖွံ့ဖြိုး ရေးကို အထောက်အကူပြုမည့် မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆို ကာ ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံ ရေး၊ အသက်အန္တရာယ်တို့ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် လာရောက် ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ရန် လိုလားကြောင်း ယနေ့ တရားဝင် ကြေညာသည်။

ထို့အပြင် အနာဂတ်ကာလတွင် နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူပြုသော အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည် ကြိုးပမ်းသွားမည် ဖြစ်ပြီး ဒေသအတွင်း တည်ငြိမ်မှုရရှိအောင် စနစ်တကျ ထိန်းသိမ်းကာ အာရက္ခ ပြည်သူလူထု၏ အကျိုး စီးပွား၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ကြိုးပမ်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် အာရက္ခဒေသ အပေါ် စစ်မှန်သည့် စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦး နှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက် လှဲစွာ ကြိုဆိုပါကြောင်း၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံး လိုလားသော နိုင်ငံရေးမျှော်မှန်းချက်များကို အမြဲတမ်း လေးစားထောက်ခံပြီး မြန်မာပြည်အတွင်းမှ တိုင်းရင်းသား ညီအစ်ကိုများ၏ အကောင်း ဆုံးသော ညီအစ်ကို မိတ်ဆွေအဖြစ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွား မည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်သည်။

အာဏာသိမ်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အကျပ် အတည်း များစွာတို့ကို ပုံစံအမျိုးမျိုးဖြင့် ရင်ဆိုင်နေရကာ မြန်မာနိုင်ငံသည်လည်း ၁၉၄၈ နောက်ပိုင်း ၌ အဆိုးဝါးဆုံး အခြေ အနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံအနှံ့ ၌ စစ်စခန်းပေါင်းများစွာကို နေ့စဉ်လက်လွှတ်ဆုံးရှုံးနေရသော စစ်ရှုံးစစ်ကောင်စီသည် ရှုံးမဲ မဲကာ ယုတ်ညံ့သောလုပ်ရပ်များနှင့်အတူ အပြစ်မဲ့ ပြည်သူလူထု၊ မြို့၊ ရွာများ၊ လူနေအဆောက် အအုံများ၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အအုံများကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်သည့် အကြမ်းဖက်လုပ်ရပ်၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း များကို နေ့တိုင်းကျူးလွန် လျက်ရှိရာ အပြစ်မဲ့ အရပ်သားပြည်သူလူထုများသေဆုံးမှု၊ ဒဏ်ရာရမှု တို့ မှာ နေ့တိုင်းဖြစ်ပေါ်လျက်ရှိပြီး အရေအတွက်သည် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ရှုံးစစ်ကောင်စီသည် ၎င်းတို့၏ စစ်ရေးအရ ရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် ထိ လွယ် ရှလွယ် သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖြစ်ပေါ်အောင် ယခုရက်များအတွင်း ပိုမိုအားစိုက် ကြိုး ပမ်း နေမှုများအား ထင်ရှားစွာ တွေ့ မြင်နေရသည်ဟုဆိုသည်။

မတ်လ ၁၉ ရက်နေ့တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ အခြေစိုက် စကခ ၁၅ မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် မောင် တောမြို့ ၌လည်း အလားတူဆန္ဒပြပွဲပုံစံမျိုးကို ကျင်းပပြုလုပ်ရန် ကြိုးစားအား ထုတ်နေကြောင်း သိရှိရသည်။

ထို့ကြောင့် အာရက္ခပြည်သူလူထုများအနေဖြင့် စစ်ကောင်စီမှဖြစ်ချင်သည့် နိုင်ငံရေးထောင်ချောက် အတွင်းသို့ သက်ဆင်းမကျသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှ အတွေ့အကြုံ၊ သင်ခန်းစာများဖြင့် သတိထား နေထိုင်ကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အလေး အနက်ထား တိုက်တွန်းထားသည်။

စစ်ရှုံးစစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီး လူမျိုးပေါင်းစုံကို အတင်းအဓမ္မ စစ်သားစု ဆောင်း လျက်ရှိပြီး အတင်းအဓမ္မ စုဆောင်းခံရသည့် ဘင်္ဂလီလူမျိုးများကို တိုက်ပွဲများအတွင်း၌ ထည့်သွင်းအသုံးပြုခဲ့ရာ ရသေ့တောင်မြို့တိုက်ပွဲ၌ ဘင်္ဂလီလူမျိုးစစ်သားများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် လက်ရှိအချိန်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ရှိနေသောကြောင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထို့ အပြင် ယခင် ရပ်တည်ချက်ဖြစ်သော “အာရက္ခဒေသအတွင်းတွင် ရက္ခိုင့်တပ်တော်မှလွဲ၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမျှ မရှိစေရ” မူအတိုင်း ရှိနေမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြောဆိုသည်။

ရက္ခိုင်ဒေသအတွင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော လက်ကျန် စခန်းများ အားလုံးကို ထပ်မံသိမ်းပိုက်ရရှိရေးအတွက် ရခိုင့်တပ်တော်က ကြိုးပမ်းနေပြီး လက်ရှိ သိမ်းပိုက်ရရှိထားသော မြို့ရွာများ၏ တည်ငြိမ်ရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံ ရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွား အဝဝတို့ကိုလည်း အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရမှ အ ကောင်းဆုံး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်းအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article