25 C
Yangon

ကျိုက်ထိုနှင့် လောင်းလုံးတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများ၊ လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

Must read

ကျိုက်ထိုနှင့် လောင်းလုံးတွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများ၊ လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်နက်ကိုင် သင်္ကန်းဝတ် ၁ ဦးနှင့် ပျူစောထီး ၁ ဦး ပစ်ခတ် ခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) ထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကင်မွန်းချောင်းကျေးရွာရှိ ကျောက်ဖြူ တောင်ကျောင်း (ဘောဂဝတီကျောင်း) ဘုန်းကြီး ဂျူးစန္ဒိမာ နှင့် စင်တော်ကဖီးပိုင်ရှင် တင်ငြိမ်း ဆိုသူကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း အဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ကင်မွန်းချောင်းလမ်းမကြီးနှင့် ကင်မွန်းချောင်းနယ်မြေ ရဲစခန်း လမ်းဆုံရှိ စင်တော်ကဖီးဆိုင်ရှေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာ သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပျူစောထီး တင်ငြိမ်းသည် ကျည်ရှပ်ထိ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာ သည် အကြမ်းဖက် စစ်သား၊ ရဲများနှင့်ပူးပေါင်းကာ ပစ္စတို သေနတ် ၁ လက် ကိုင်ဆောင်ထားပြီး ဘုန်းကြီးကျောင်းတွင်မနေဘဲ ရွာထဲတွင် တော်လှန်ရေးအဖွဲ့များ၏ သတင်းကို လိုက်လံ ထောက်လှမ်း၍ အကြမ်းဖက် စစ်သားနှင့် ရဲများကို သတင်းပေးပို့ခြင်း၊ အရက်သောက် မိန်းမရှုပ်ခြင်း၊ စစ်တပ်နှင့် ပူးပေါင်း၍ ကင်မွန်းချောင်း ရွာသားများကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးခိုင်းခြင်း၊ စစ်သားနှင့် ရဲများ ကင်းလှည့်ရာတွင် ၎င်း၏ကားကို အသုံးပြုခွင့်ပေးခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။

တင်ငြိမ်း ဆိုသူသည် တပ်မိသားစုဝင်လည်းဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်ကြောင်း၊ သင်္ကန်းဝတ် ဘုန်းကြီး ဂျူးစန္ဒိမာနှင့် ပူးပေါင်းကာ ကျေးရွာသားများအပေါ် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် တော်လှန်ရေးအဖွဲ့များ၏ သတင်းကို စုံစမ်းကာ အကြမ်းဖက် စစ်တပ်နှင့် ရဲများကို သတင်းပေးသည့်အတွက် ပစ်ခတ် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) သည် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း မရှိကြောင်းနှင့် KRF က ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြည်သူများထံသို့ KRF page မှ တဆင့် အတိအလင်း အသိပေး ဖော်ပြသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ စစ်ကောင်စီအတွက်အလုပ် လုပ်နေသူ မူမူးအေးကို ဝင်ရောက်ဖမ်းဆီးပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်စဉ် ထွက်ပြေးရန်ကြိုးစား သဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရာ သေဆုံးသွားကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ – SGF ထံမှ သိရ သည်။

မတ်လ ၂၂ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၃၀ ခန့်က လောင်းလုံးမြို့နယ်၊ ဒေဒီကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီအတွက် လုပ်လုပ် ပေးနေသူ မူမူအေးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းကို တာဝန်ရှိသူများက စစ်ဆေးရာ စစ်သင်တန်းများ တက်ရောက်ထားသည့်အပြင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ သတင်းများကိုလည်း လိုက်လံစုံစမ်းနေကြောင်း သိရှိရသည်။

ထို့သို့ စစ်ဆေးပြီးနောက် ၎င်းကို လုံခြုံသည့်နေရာ၌ ထိန်းသိမ်းထားရန် ပို့ဆောင်စဉ် ထွက်ပြေးရန် ၃ ကြိမ် တိုင်တိုင် ကြိုးစားသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို အထူးပြောက်ကျားတပ်ဖွဲ့ – SGF တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရပ်ရွာနေ ပြည်သူများနှင့် လုံးဝ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article