32 C
Yangon

မှော်ဘီမြို့နယ်တွင် ကုလားကုန်းကျေးရွာအုပ်စုမှ ရပ်ကွက်နှင့်ကျေးရွာများကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးမှု အိမ်ခြေ ၁၅၀ ကျော် ပျက်စီးပြီး မိသားစု ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်၊ ပြည်သူ ၅ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် ကန်သာယာရပ်ကွက်မှ နေအိမ် ၁၅၀ ကျော်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်က အတင်းအဓမ္မ လာရောက်ဖျက်ဆီး သွားသဖြင့် မိသားစု ၁၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ် ၂၈ ရက်နေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်က ကြိုတင် အသိပေးချက်မရှိဘဲ နေအိမ် ၁၀၀ ကျော်ကို ဘိုဒိုဇာများ၊ ဘတ်ဖိုးများဖြင့် ဖြိုဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ညောင်ပင်သာကျေးရွာမှ နေအိမ်ဖြိုဖျက်ဆီးခံရသူတစ်ဦးက ” စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်ရှိတယ်။ နံနက်ပိုင်း ၈ နာရီလောက်ရှိမယ်။ ကားတွေနဲ့ ဝင်လာတယ်။ ပြီးတော့ နေအိမ်တွေကို ဖြိုဖျက်ဆီးတယ်။ ဘိုဒိုဇာတွေနဲ့ ဖျက်တယ်။ ဘတ်ဖိုးတွေနဲ့ဖျက်တယ်။ ရဲနဲ့ စစ်တပ်ကတော့ ရွာကို ဘယ်သူမှ အဝင်မခံဘူး။ တစ်ယောက်မှ ဝင်ခွင့်မပေးဘူး။ အကုန်ဖျက်ဆီးသွားတယ်”ဟုပြောသည်။

ယင်းကျေးရွာကို ဖြိုဖျက်ဆီးသည့်အချိန်တွင် မည်သည့်တစ်ဦးတစ်ယောက်မျှ ဝင်ခွင့်မပေးကြောင်းနှင့် ကျေးရွာအား မည်သည့် နေ့ရက်တွင် ဖြိုဖျက်မည်ဆိုသည်ကို ကြိုတင် အသိမပေးခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“ကျေးရွာသားတွေကို ကြိုတင် အသိပေးတာမရှိဘူးခင်ဗျ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ရွာက လူကြီးတစ်ချို့ကို ခေါ်ပြီးတော့ ရွာက နေအိမ်တွေ ဖျက်မယ်ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ခဏနေရင် အကုန် ဖျက်ဆီးလိုက်တယ်။ သူတို့ပြောတာက ဒီရွာက စစ်တပ်မြေဆိုပြီးတော့ ပြောတယ်။ ကျနော်တို့ ဒီရွာမှာ နေလာတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ နေအိမ်တွေလည်း အကုန်အခိုင်အမာ ဆောက်ထားကြတာ”ဟုပြောသည်။

အဆိုပါကျေးရွာတွင် နေအိမ် ၁၀၀ ကျော် ရှိပြီး ယင်းအထဲမှ ဖျက်ဆီးခံလိုက်ရသည့်ထဲတွင် တပ်မတော်အငြိမ်းစားများ နေအိမ်များလည်း ပါဝင်ကြာင်း ညောင်းပင်သာကျေးရွာသားများက ပြောသည်။

“ဖျက်ဆီးလိုက်တော့ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ တစ်ခုမှ မရလိုက်ဘူး။ ကြိုတင် အသိမပေးဘဲ ဖြိုလိုက်တော့ အကုန်လုံး ဆုံးရှုံးလိုက်ရတယ်။ ပစ္စည်းတွေ တစ်ခုမှ သိမ်းဆည်းဖို့ အချိန်မရလိုက်ဘူး။ အိမ်ကို ဖျက်ဆီးလိုက်တာကို ဒီအတိုင်း ထိုင်ကြည့်နေရတယ်။ ရွာလုံးကျွတ်ကို ဖျက်ဆီးသွားတယ်။ ကျမတို့က တပ်မတော်သားအငြိမ်းစားတွေပါ။ ဒီမှာ နေလာတာ နှစ်ပေါင်း ၆၀ကျော်လာပါပြီ။ ဒီလုပ်ရပ်က အရမ်းကို စပ်ဆုပ်ရွံရှာဖွယ်ကောင်းပါတယ်”ဟုပြောသည်။

စစ်တပ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယင်းကဲ့သို့ နေအိမ်များကို ဖြိုဖျက်ချိန်တွင် မည်သည့်ယာဉ်ကိုမှ သွားလာခွင့်မပြုသလို အပြင်လူ မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ ဝင်ခွင့် မပေးကြောင်းနှင့် ဖြိုးဖျက်ခံရသည့်နေအိမ်များမှ တန်ဖိုးရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။

အလားတူ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာ၊ ကန်သာယာရပ်ကွက်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ကန်သာယာရပ်ကွက်သည် ယခင် အာဏာရှင် သန်းရွှေလက်ထက် ကြက်ဆူပင်စိုက်ကြသည့်ကာလ မလွတ်သည့်တောင်သူများကို နေရာချထားပေးခဲ့သည့်နေရာဖြစ်ကြောငး်၊ ယခု မင်းအောင်လှိုင်လက်ထက်တွင် ယင်းတို့စစ်တပ်ပိုင်မြေဟုဆိုကာ လာရောက် သိမ်းယူဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဖျက်ဖို့တော့ တစ်လလောက်သတိပေးတယ်ဗျ။ လူတွေ ကလည်း NLD အစိုးရ လက်ထက်က မီးတွေ၊ ကွန်ကရစ်လမ်း၊ အဝိစိတွင်းတူးပေးတာတွေလုပ်ပေးတော့ ဖျက်လိမ့်မယ်မထင်ထားကြဘူး။ မနေ့ မနက်မှာ ဘက်ဖိုး ၂ စီး ဘူဒိုဆာ ၂ စီးနဲ့လာဖျက်တော့တာပဲ။ ​မနက် 8နာရီလောက်မှာ မီးတွေဖျက် ထရန်ဖာ 200KV အိုးကိုသယ်ပြီး မီတာပုံးတွေအကုန်သိမ်းပြီး စည်ပင်က ဘတ်ဖိုးနဲ့စဖျက်တော့တာပဲ။ အစကတော့ လူမနေတဲ့အိမ်တွေလောက်ပဲဖျက်ပြီး နေ့လည် ၁ နာရီလောက်မှာ အကုန် ဘူဒိုဆာနဲ့ ဘက်ဖိုးနဲ့ ဝင်ဖျက်တော့တာပဲ။ စစ်ကောင်စီဘက်ကလဲ အချုပ်ကားတစ်စီးပါအဝင် ရဲနှင့်စစ်သားအင်အား ၃၀ လောက်နဲ့လုံခြုံရေးယူထားပါတယ်။ ဒီနေ့ ၂၉ ရက်နေ့မှာလည်း ​ရွှေပြည်ကျေးရွာကိုဖျက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

“အခု စစ်တပ်က ဖျက်တဲ့နေရာတွေက လေတပ်ပိုင်မြေ ဧက ၂၀၀၀ရဲ့အပြင်ဖက်မှာရှိတာ။ မြေစာရင်းရုံးက လည်း တရားဝင် ရွာမြေ အဖြစ် မြေပုံညွှန်း ထွက်ထားပေးတယ်။ ကျေးရွာနေပြည်သူ ၅၀၀ နီးပါး အိုးမဲ့ အိမ်မဲ့ဖြစ်သွားတယ်။ အိမ်ခြေ ၁၅၀ကျော် ဖျက်ဆီးသွားတယ်။ အိမ်ဖျက်တာကို တားတဲ့ အရပ်သူ အရပ်သား ၅ယောက်ကိုလည်းဖမ်းသွားတယ်” ဟု​ ဒေသပြည်သူက ဆက်လက်ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article