25 C
Yangon

ရွှေဘို၊ တောင်လှတောင်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရ၊ မတ္တရာတွင်လည်း တပ်ချိန်းရန်လာသော စစ်ကြောင်း မိုင်းကွင်းထဲရောက်ရှိ ဖောက်ခွဲ၍ စစ်သား ၂၀ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း ကုလားမလက်ကောက်ကျရွာအနီး တောင်လှတောင်ပေါ် တွင် အခြေပြုတပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားတပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့်နေရာသို့ ဒရုန်းဗုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာတွင် ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း နယ်စည်းမခြားရွှေဘိုသားတပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲ က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား (Local pdf) fix wings drone တပ်ဖွဲ့နှင့်အတူ (နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဂဠုန်းကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့၊ ရွှေဘိုသခင်ကြီး(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ်(တပ်ရင်းအမှတ်၁၅)၊ ကြောင်လက်သည်း(ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ အတူပူးပေါင်းလက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မဟာမြိုင်ကျေးရွာအနီး မဟာမြိုင်စေတီကုန်းပေါ်တွင် တပ်ချိန်းရန် လာသော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယခင်တာဝန်ကျခဲ့သော စစ်ကောင်စီတပ်က မဟာမြိုင်စေတီကုန်းတွင်အခြေပြုတပ်စွဲပြီး ချောင်းတော်၊ သန်းကုန်းစသောကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မွေနှောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း၊ ဘုရားထီးတင်ပွဲ့နေ့များတွင်ပါ စစ်ကြောင်းထိုးခဲ့မှုများပြုလုပ်ခဲ့သည့်အတွက်ဘာသာရေးပွဲပါပျက်ခဲ့ရကြောင်း သိရှိရသည်။

မတ်လ၂၉ရက်နေ့က အဆိုပါစေတီကုန်းမှ စစ်ကောင်စီတပ်များသည် တပ်ချိန်းရန် မဟာမြိုင်ဘုရားကုန်းမှ ဆုတ်ခွာ သွားစဥ် ပြည်သူ့ကာကွယ်ရေးတပ်များက ဘုရားကုန်းအနှံ့ ​မိုင်းကွင်းများဆင်ထားခဲ့ကြောင်း၊ ဧပြီလ၂ရက်နေ့နံနက်တွင်လည်း ထပ်မံ တိုးချဲ့ မိုင်းဆင်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် မဟာမြိုင် ဘုရားကုန်းတွင် တပ်စွဲရန် တပ်ချိန်းလာသည့် အင်အား ၁၀၀ ခန့် စစ်ကြောင်းသည် မိုင်းမိ၍ စစ်သား ၂၀ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကျနော်တို့ မိုင်းအလုံး ၁၅လုံး လောက်ထာင်ထားခဲ့တာ။ တပ်ဖွဲ့တွေပေါင်းပြီးလုပ်တာပေါ့၊ ထိသွားတာတော့ ၂၀လောက်ရှိမယ်။ ထမ်းစင်နဲ့ထုတ်သွားတဲ့၃ယောက်ကတော့ သေဖို့များတယ်။ “ဟု တိုက်နယ် ၃ နဂါးညီနောင်တပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်ဖက်တီးက ပြောသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို နဂါးညီနောင်တပ်ဖွဲ့၊ ခရိုင်တပ်ရင်း ၁ ၊ မဟာတပ်ဖွဲ့၊ တိုက်နယ် ၄ ပကဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မတ္တရာတွင်လည်း တပ်ချိန်းရန်လာသော စစ်ကြောင်း မိုင်းကွင်းထဲရောက်ရှိ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article