မင်းပြားမြို့နယ်၊ အမှတ် ၉ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် ရဲတပ်ကြပ်ကြီး ၁ ဦးကို ကျောင်းသားလက်ရုံးတပ်တော် က အရှင်ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၄
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမှတ် ၉ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ထွက်ပြေးလာသည့် ရဲတပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လအတွင်း မင်းပြားမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့် တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ထွက်ပြေးလာသော ရဲတပ်ကြပ်ကြီးမျိုးဇော်ကို ကျောင်းသား လက်ရုံးတပ်တော် (SAF) က မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် နယ်စပ် တစ်နေရာတွင် အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ရဲတပ်ကြပ်ကြီး မျိုးဇော်သည် စစ်တွေမြို့ ရဲတပ်ရင်း ၃၆ မှ ဖြစ်ပြီး တိုင်းဗဟို ၉ တွင် အကြပ်ကြီး သင်တန်းတက်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျောင်းသားလက်ရုံး တပ်တော်အနေနဲ့ ဖမ်းဆီးရမိတဲ့ ရန်သူ့ သုံ့ပန်းကို ဂျီနီဗာကွန်ဗန်းရှင်းပါ ပြဌာန်းချက်များနဲ့အညီ စနစ်တကျထိန်းသိမ်းခဲ့ပြီး တော်လှန်ရေး မဟာမိတ်ဖြစ်သော ရက္ခိုင့်တပ်တော်ဆီကို စနစ်တကျ အပ်နှံခဲ့ပါတယ်။ ဆက်လက် အရေးယူမှုအပိုင်းအနေနဲ့ကတော့ ရက္ခိုင့်တပ်တော်က တာဝန်ယူလုပ်ဆောင်သွားမှာပါ” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။