နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြီး ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောဆို
ရန်ကုန်၊ ဧပြီ ၄
ယနေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြီး ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် စစ်ရုံးချုပ်၊ အေလာလေတပ်နှင့် မင်းအောင်လှိုင်၏ နေအိမ်တို့ကို ဒရုန်း ၂၈ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒရုန်းများသည် အလွန်ဖြတ်တောက်အားနှင့် အင်အားကောင်းမွန် Jammer ကွန်ရက်များကို ဖြတ်ကျော်ကာ အေလာလေတပ်၊ စစ်ရုံးချုပ်တို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ ဒရုန်းစစ်ဆင်ရေးသည် ခရီးရှည်၏ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ဒရုန်းတွင်ပါသည့် ပြင်းအားနှင့်ပေါက်ကွဲအားသည် ၁၀၇ မမ ရှော့တိုက်ဒုံးထက် ၂၀ ရာခိုင်နှုန်းပိုပြင်းကြောင်း ရေးသားထုတ်ဖော်ထားသည်။
“ဒီနေ့ နေပြည်တော်
………………………..
ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။
ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။
ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ”ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများသို့ အသိပေး ရေးသား ထုတ်ဖော်ထားသည်။