35 C
Yangon

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၂ ဦး သေဆုံး

Must read

ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော စစ်ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၅

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ရေပြာရဲစခန်း မှ ကုက္ကိုစုပျူစောထီးကျေးရွာဘက်ကို ထွက်လာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်ယာဉ်တန်းကို ပေပါ ပဒေသာမိုင်း ၃ လုံးဖြင့် စတင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ရှေ့ပြေးပွိုင့်အဖြစ် ဆက်လက် ထွက်ခွာလာခဲ့သော အကြမ်းဖက် စစ်သားများကို အသင့် ထောင်ထားသည့် မိုင်းပွိုင့်ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦး ထပ်မံ ပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ နားစည်များကွဲ၍ ကြောက်လန့်အော်ဟစ်ကာ ယာခင်းများအတွင်း လှည့်ပတ် ပြေးလွှားနေခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အကြမ်းဖက် စစ်ယာဉ်တန်းနှင့် စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦး ထပ်မံ လဲကျ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ညနေ ၄ နာရီ ၄၈ မိနစ်အချိန်တွင် ရေပြာရဲစခန်းမှ မောင်းနှင်လာသည့် Jammer ကားပါ မော်တော်ယဥ် ၄ စီးသည် နင်းမိုင်းထိပြီး အကြမ်းဖက် စစ်သား ၃ ဦး ပင်ပွဲချင်းပြီး သေဆုံးကာ ၄ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ပေါက်ပကဖ နှင့် ဗိုလ်လရောင်အဖွဲ့များ၊ ဗိုလ်ရိုးမ အဖွဲ့များ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ ၊ တပ်ခွဲ ၂ – FRG တပ်ဖွဲ့တို့ ပူးပေါင်းကာ စနစ်တကျ အစီအစဥ် ဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ရိက္ခာပို့ယာဉ် ၁၂၀ ကျော်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့သို့ ပင်ရောက်ရှိခြင်းမရှိဘဲ လမ်းခရီးတလျှောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲခံရခြင်းကြောင့် အထိနာကာ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်နှင့်တကွ ထွက်ပြေးခြင်းတို့ ရှိကြောင်း၊ အချို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြိုင်ပကဖထံသို့ လက်နက်နှင့်တကွ အလင်း ဝင်ရောက်လာမှုရှိကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article