25 C
Yangon

စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသူများ လွတ်မြောက်နယ်မြေတွင် နေထိုင်ရန် AA စစ်ဦးစီးချုပ် ပြောဆို

Must read

စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသူများ လွတ်မြောက်နယ်မြေတွင် နေထိုင်ရန် AA စစ်ဦးစီးချုပ် ပြောဆို

■ အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင် ရမည်ဟုဆို

ရန်ကုန်| ဧပြီ ၁၀

စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများတွင် ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေတွင် လာရောက်နေထိုင်ကြရန် ရက္ခိုင့်တပ်တော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အကြံပြု ပြောကြားလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော် AA နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ တစ်ဆင့် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်တွေ၊ ကျောက်ဖြူတို့လို ရန်သူထိန်းချုပ်နယ်မြေမှာ ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ အဆင်ပြေသလို ပြေတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ မကြာခင် အချိန်တခုအတွင်းမှာ လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရပါမယ်”ဟု ပြောကြားသည်။

ရက္ခိုင့်တပ်တော် AA က ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။

ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရက္ခိုင့်တပ်တော် AA ပါဝင်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့ပြီး ရခိုင်ပြည်ကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် AA က စတင်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က ရခိုင်ရှိ မြို့များကို တမြို့ပြီး တစ်မြို့ သိမ်းပိုက်လာခဲ့ပြီးနောက် အခြားမြို့များကို သိမ်းပိုက် ရရှိနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေကာ နှစ်ဖက် တိုက်ပွဲများလည်း လက်ရှိတွင် ပြင်းထန်နေသည်။

သို့သော်လည်း တစ်ခြားတစ်ဖက်တွင် ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများမှာ နေ့စဉ် ရက်ဆက် သေဆုံးမှုများ ရှိနေသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တိုက်ပွဲများ ပြင်းထန်လာလျှင် ပြည်သူများကို အထိခိုက် နည်းစေချင်သည့် ဆန္ဒကြောင့် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ရခိုင့်နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောဆိုသည်။

“ဗိုလ်ချုပ်ပြောလိုတဲ့ အဓိက အချက်ကတော့ ပြည်သူတွေကို အထိအခိုက် မရှိစေချင်ဘူး။ စစ်ကောင်စီတပ်ကတော့ သူတို့မှာ ဘယ်သူသေသေ သိပ်ဂရုစိုက်တာမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် AA တပ်မှူးချုပ်က အရင်စလို ပြည်သူတွေကို ရှောင်ခိုင်းတဲ့သဘောပါပဲ။ ကိုယ့်ပြည်သူတွေကို အထိအခိုက်နည်းစေချင်တယ်။ အပျက်အစီးနည်းစေချင်တယ်။ ဒါပါပဲ”ဟု ၎င်းက ပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article