28 C
Yangon

ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေသော်လည်း တိုင်ကြားမှု လုပ်မရဖြစ်နေ

Must read

By ရန်ကုန်ခေတ်သစ်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ လုပ်ဆောင်ခဲ့သော်လည်း အဆင့်ဆင့် ခြိမ်းခြောက်မှုများ ကြောင့် အထက်သို့ တိုင်ကြားမှု မလုပ်ရဲ၊ တိုင်ကြားမှု လုပ်မရဖြစ်နေကြောင်း ရဲသတင်းရင်းမြစ်နှင့် အဓမ္မပြုကျင့်ခံရသူကာယကံရှင် ရဲမေ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း စစ်အရာရှိ ဘ၀မှ ရဲတပ်ဖွဲ့ဘက်သို့ ရဲအရာရှိကြီးအဖြစ် အသွင်ပြောင်းလဲခဲ့သော ရဲမှူးကြီး မျိုးသန့်ကျော်သည် ဧရာ၀တီတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရမည်းသင်းမြို့ အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရကြောင်း၊ ရဲမှူးကြီး မျိုးသန့်ကျော်သည် ဇနီးဖြစ်သူ ဒေါ်အေးအေးငြိမ်းနှင့်အတူ သင်တန်းကျောင်းသို့ ပြောင်းရွှေ့လာကြောင်း သိရှိရသည်။

ရမည်းသင်း အမှတ် ၁ ရဲသင်တန်းကျောင်းသည် အဓိကအားဖြင့် ရဲမေများကို သင်တန်းများ ပို့ချနေရာ နိုင်ငံတစ်ဝန်းမှ သင်တန်းသူ ရဲမေများ လာရောက် သင်တန်းတက်ရကြောင်း၊ အရာရှိမဟုတ်သော အခြားအဆင့် ရဲမေများ သင်တန်းတက်စဉ် ရဲမှူးကြီး မျိုးသန့်ကျော်နှင့် ကိုယ်ရေးအရာရှိ ရဲအုပ်တို့က ရုပ်ရည်ပြေပြစ်ပြီး ကိုယ်ခန္ဓာအချိုးအစား ကောင်းမွန်သော ရဲမေတချို့ကို ရုံးခန်းသို့ ခေါ်ဆောင်၍ မိသားစုကို စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ ရာထူးတိုးနှင့် နေရာကောင်းရရှိအောင်​ စောင့်ရှောက်ပေးမည်ဟု ပြောဆိုကြောင်း၊ ယင်းနောက် ဂေါက်ရိုက်သွားချိန်၊ ပြင်ပ ခရီးစဉ်များတွင် အဆိုပါ ရဲမေတချို့ကို ခေါ်ယူသွားခဲ့ပြီး ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲမှူးကြီး မျိုးသန့်ကျော်က အခြားသော ရဲမေအသစ်တချို့ကို ရှာဖွေ၍ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ကာမ လိမ်လည်မှုများ ဆက်လက် လုပ်ဆောင်လာချိန်တွင် ကိုယ်ရေးအရာရှိသဖွယ်ဖြစ်နေသည့် ရဲအုပ်က ပြုကျင့်ခံရပြီးသည့် ရဲမေကို ထပ်မံ၍ အဓမ္မပြုကျင့်ခြင်းနှင့် ပြုကျင့်ရန် ကြိုးစားမှုများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။

“အထက်ကို တိုင်ဖို့ကလည်း ကျောင်းမှာ ပုလင်းတူ ဗူးဆို့တွေ ချည်းမို့ အမှုတွေက ကိုယ်နဲ့ ကိုယ့်မိဘကိုပါ ထိခိုက် ပြန်လည်လာမှာမို့ မတိုင်ရဲကြဘူး ။ ကျောင်းစတက်တော့ ရဲမှူးကြီး ကိုယ်ရေးအရာရှိ ရဲအုပ်က ကျောင်းအုပ်ကြီးက ညီမကို ခေါ်တယ်ဆိုပြီး သွားတွေ့ခိုင်းတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းမှာ ရဲမှူးကြီးနဲ့ ညီမ တစ်ယောက်တည်း တွေ့ရပါတယ်။ ကျောင်းအုပ်ကြီး ရဲမှူးကြီး မျိုးသန့်ကျော်ဆီရောက်တော့ နင့်မိဘတွေက ငါ့ မိတ်ဆွေတွေဆီတစ်ဆင့် နင့်ကို စောင့်ရှောက်ပေးဖို့ မှာကြားလာလို့ ခေါ်ယူ တွေ့ဆုံတယ်ဆိုပြီးပြောပါတယ်။ လိုအပ်တာ ရှိတာ သူ့ကိုယ်ရေးအရာရှိ ရဲအုပ် မှတဆင့် မှာကြားဖို့ပြောပါတယ်။ အဲဒီလို မကြာခဏ ခေါ်ပြီးတွေ့တယ်။ နောက်တော့ ညီမကို ဂေါက်ကွင်းသွားဖို့ လိုက်ခဲ့ပါဆိုပြီး ခေါ်ထုတ်ပြီး သားမယား ပြုကျင့်ပါတယ်။ အဲဒီနေ့ကစပြီး အလျင်းသင့်လျှင် သင့်သလို ကျောင်းအပြင်ကို သူ့ကားနဲ့ ခိုးထုတ်ပြီး သားမယား ပြုကျင့်တာ ၄ ကြိမ်ရှိခဲ့ပါပြီ။ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ ၊ တိုင်ကြားဖို့ ကြိုးစားတဲ့အခါမှာ မိဘတွေကို အရှက်ခွဲမယ်၊ လိမ်လည်တိုင်ကြားတာမျိုးနဲ့ အရေးယူမယ်ဆိုတာတွေကြောင့် မပြောရဲ မဆိုရဲဖြစ်ပါတယ်။ နောက်တစ်ခါမှာ ရဲမှူးကြီးရဲ့ ကိုယ်ရေးအရာရှိလိုဖြစ်နေတဲ့ ရဲအုပ်ကပါ ကျောင်းရုံးခန်းခေါ် သားမယားပြုကျင့်ဖို့ ကြိုးစားပါတယ်။ အခုနောက်ဆုံး သိရတာက ရှေ့မှာလည်း အဲဒီလို သင်တန်းသူတွေ ပြုကျင့်ခံရတာရှိပြီး တိုင်ကြားရင် တိုင်တဲ့သူပါ အသက် ပျောက်သွားအောင် လုပ်ပစ်မယ်၊ မိဘတွေပါ အစဖျောက်မယ်ဆိုလို့ မတိုင်ရဲကြပါဘူး” ဟု ကာယကံရှင် ရဲမေက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်း၏ ဖုန်းနံပါတ်များထံသို့ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

ရဲမှူးကြီး မျိုးသန့်ကျော် ဒုတိယရဲတပ်ဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဧရာ၀တီတိုင်းရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်ကမူ မျိုးသန့်ကျော်သည် ဧရာ၀တီတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း အောက်လက်ငယ်သား ရဲမေတချို့ကို ကာမလိမ် လည်မှုနှင့် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ဖူးကြောင်း၊ ယင်းဖြစ်စဉ်များကို ဇနီးဖြစ်သူက ငွေကြေးပေး၍ ကျေအေးခြင်း၊ တိုင်ကြားစာ အပေါ်သို့ မရောက်ရှိစေရန် လုပ်ဆောင်ခဲ့ဖူးကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းသည် ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေများကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဖြင့် အရေးယူခံခဲ့ရပြီး ထောင် ၃ နှစ်ချမှတ်ခံခဲ့ရကြောင်း ၊ ထို့အတူ ရဲမေများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည့် ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မိုးသန်းအောင်၊ ရဲထောက်ချုပ်ရဲမှူးချုပ် ဇော်ခင်အောင် တို့ကိုလည်း ရာထူးထုတ်ပယ်အရေးယူထောင်ချမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရဲလေ့ကျင့်ရေးကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် #သင်တန်းသူ ရဲမေတချို့ #ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article