39 C
Yangon

စစ်ကောင်စီကြောင့် အန္တရာယ်ကြုံနေရသော မြန်မာနိုင်ငံသားများကို နိုင်ငံရေးခိုလှုံခွင့်ပြုရန် ထိုင်းအသိပညာရှင်၊ အတတ်ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရထံ တင်ပြတောင်းဆို

Must read

စစ်ကောင်စီကြောင့် အန္တရာယ်ကြုံနေရသော မြန်မာနိုင်ငံသားများကို နိုင်ငံရေးခိုလှုံခွင့်ပြုရန် ထိုင်းအသိပညာရှင်၊ အတတ်ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရထံ တင်ပြတောင်းဆို

ရန်ကုန်၊ ဧပြီ ၂၀

ထိုင်းအစိုးရအနေနှင့် မြန်မာအကြမ်းဖက်စစ်တပ်၏ ဖိစီးနှိပ်စက်မှု၊ ညှဉ်းပန်းမှုနှင့် စစ်မှု ထမ်း စေခိုင်းခြင်း အန္တရာယ် ကြုံနေရသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက်တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ နိုင်ငံရေးခိုလှုံခွင့်ပေးရန် ထိုင်းအသိပညာရှင်နှင့် အတတ်ပညာရှင် ၆၉ ဦးက က ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ကို အသက်သွင်းလိုက်ကြောင်း၊ အသက် ၁၈-၃၅ နှစ်အကြား အမျိုးသားများနှင့် အသက် ၁၈-၂၇ နှစ်ကြား အမျိုးသမီးများကို အနည်းဆုံး ၂ နှစ် စစ်မှုထမ်းစေရန် သတ်မှတ်ခဲ့ပြီး ပညာရှင်များ (ဥပမာအားဖြင့် ဆရာဝန်များ၊ အင်ဂျင်နီယာများ) အတွက် အသက်ကန့်သတ်ချက်ကို အမျိုးသားများ အတွက် ၄၅ နှစ်၊ အမျိုးသမီးများအတွက် ၃၅ နှစ်အထိ တိုးမြှင့်ထားခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာလူငယ်များနှင့် ၎င်းတို့မိသားစုများ၏ အသက်ဘဝများအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ထိုင်းအစိုးရသို့ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့ပြင် နှစ်သစ်ကူးသင်္ကြန်အပြီး ဧပြီလနှောင်းပိုင်းတွင် စစ်မှုထမ်းဥပဒေ စတင်မည်ဟု စစ်ကောင်စီ တာဝန်ရှိသူများက ကြေ ညာခဲ့သော်လည်း အိမ်ထောင်စုစာရင်း စစ်ဆေးမှုနှင့် စစ်မှုထမ်းဆင့်ခေါ်စာများကို ဖေဖော်ဝါရီလမှစ၍ စတင်ခဲ့ကြောင်း ၊

စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် မြန်မာနိုင်ငံသား အများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာခြင်း သို့မဟုတ် စစ်တပ်က ထိန်းချုပ်နိုင်ခြင်းမရှိသည့် လွတ်မြောက်ဒေသများသို့ ထွက်ပြေးခြင်းများ လုပ်ဆောင်ခဲ့ရပြီး ပညာရေး၊ အလုပ်နှင့် ခရီးသွားဗီဇာများဖြင့် ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးပမ်းကြကြောင်း သိရှိရသည်။

ထိုင်းတက္ကသိုလ်များရှိ ကျောင်းသားထောင်ပေါင်းများစွာ အပါအဝင် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်နေကြရပြီး အခြေအနေ ပြောင်းလဲခြင်း မရှိပါက အများစုသည် မြန်မာနိုင်ငံသို့ မပြန်လိုကြကြောင်း၊ သို့ရာတွင် ၎င်းတို့၏ ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက်တမ်းကုန်ဆုံးပါက အထောက်အထားမဲ့ တရားမဝင် ဘ၀သို့ ရောက်ရှိမည့် အခြေအနေရှိနေကြောင်း သိရှိရသည်။

ထိုင်းအစိုးရအနေနှင့် လုံခြုံရေးစိုးရိမ်နေရသည့် မြန်မာနိုင်ငံသားများကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက်တမ်းကုန်ဆုံးပါက ပြန်မပို့ဘဲ နိုင်ငံရေးခိုလှုံသူများအဖြစ် လက်ခံရန် တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထိုင်းအစိုးရအနေဖြင့် စစ်မှုထမ်းစေခိုင်းခြင်း ခံရနိုင်သည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့် ပြုသင့်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ဘွဲ့ရယူရန်ရှိနေသည့် မြန်မာကျောင်းသားများအတွက် ဗီဇာသက်တမ်း တိုးပေးသင့်ပြီး ထိုသို့လုပ်ဆောင်ပေးခြင်း အကျိုးဆက်အဖြစ် ကျောင်းသားများသည် ထိုင်းနိုင်ငံတွင် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်မည် ဖြစ် ကြောင်းလည်း ထိုင်းပညာရှင်များက အကြံပြုထားသည်။

ထို့ပြင် ထိုင်းအစိုးရအနေဖြင့် ကျောင်းသားများကို ၎င်းတို့၏ နိုင်ငံသို့ ပြန်ရန်မလိုအပ်ဘဲ ၎င်းတို့၏ ဗီဇာများကို အလုပ် သို့မဟုတ် လေ့လာရေးဗီဇာများအဖြစ် ပြောင်းလဲပေးနိုင်ရန် ဖြစ်ပေါ်နေသောအခြေအနေများကို ထည့်သွင်းစဉ်းစားသင့်ပြီးမြန်မာကျောင်းသားများကို ပညာသင်စဉ်ကာလအတွင်း အလုပ်လုပ်ကိုင်ရန် ခွင့် ပြုပေးသင့်ကြောင်း ထိုင်းပညာရှင်များက အကြံပေးသည်။

ထိုင်းနိုင်ငံတွင် ပညာရေးဆိုင်ရာရည်ရွယ်ချက်များအတွက် လာရောက်သူများအတွက် ဗီဇာလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးသင့်ပြီး လူကိုယ်တိုင် ဗီဇာလျှောက်ထားနိုင်ခြင်းမရှိသည့် ပဋိပက္ခဖြစ်ပွားရာဒေသများမှ မြန်မာနိုင်ငံသားများအတွက် လုပ်ငန်းစဉ်ပိုမိုမြန်ဆန်၊ စနစ်တကျနှင့် ပိုမိုလုံခြုံစေရန်အတွက် အွန်လိုင်း ဗီဇာလျှောက်ထားခြင်းကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုထားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသားများကို လက်ခံထားသည့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ သို့မဟုတ် အသက် မွေးဝမ်းကျောင်းသင်တန်းများအနေဖြင့် ၎င်းတို့ ဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာရေးကျောင်းများမှ ဘွဲ့ရရှိနိုင်ရေး ကူညီပေးရန်၊ မြန်မာနိုင်ငံရှိ ပညာရေးကျောင်းများမှ ပညာရေးမှတ်တမ်း လွှဲပြောင်းမှု လုပ်ငန်းစဉ်ကို ပိုမိုပြောင်းလွယ်ပြင်လွယ်ဖြစ်ရေး စဉ်းစားသင့်ကြောင်း၊ အထူးသဖြင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ဘွဲ့မရရှိခဲ့သည့် မြန်မာကျောင်းသားများအတွက် အထူးစဉ်းစားသင့်ကြောင်း ထိုင်းအစိုးရကို အကြံပြုထားသည်။

မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ခြင်းမရှိသည့် မြန်မာကျောင်း သားများနှင့် ဗီဇာ သို့မဟုတ် နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်ဆုံးသည့် မြန်မာကျောင်းသားများကို အကာအကွယ်ပေးအပ်ရန် ဆုံးဖြတ်ချက်များ ချမှတ်ပြဋ္ဌာန်းသင့်ကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ကျောင်းသားများကို ယာယီအားဖြင့် အနည်းဆုံး ၂ နှစ် သို့မဟုတ် ပဋိပက္ခပြီးဆုံးပြီး ဘေးကင်းစွာပြန်နိုင်သည်အထိ ၎င်းတို့၏ ကျွမ်းကျင်မှု နှင့်/သို့မဟုတ် အသိပညာအရ ပညာ သင်ကြားရေးနှင့် အလုပ်လုပ်ကိုင်ရေးကို ခွင့်ပြုသင့်သည်ဟု အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် အတိုက်အခံလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာပြီး အဆိုပါပဋိပက္ခများကြောင့် အိမ်နီးချင်းနိုင်ငံများသို့ စစ်ဘေးဒုက္ခသည် ၅၉,၇၀၀ နှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂,၅၇၄,၅၀၀ ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာနိုင်ငံသားများ #နိုင်ငံရေးခိုလှုံခွင့်ပြုရန် #ထိုင်းအစိုးရထံ တင်ပြတောင်းဆို

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article