29.6 C
Yangon

မြစ်ကြီးနားထောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် နိုင်ငံ ရေး အကျဉ်းသား ၂ ဦး အပါအဝင် အကျဉ်းသား ၄ ဦးကို ယမန်နေ့ သဂြိုလ်ပြီးစီး

Must read

ရန်ကုန်၊ ဧပြီ ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင် လျှော့ရက်ခံစားခွင့် မပေးသဖြင့် ထောင်တွင်း ဆန္ဒပြသည်ကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှ နိုင်ငံရေးအကျဉ်းသားဖြစ်သည့် ကိုအောင်နိုင်ထွန်းနှင့် ကိုကျော်စိုးဝင်းတို့ ၂ ဦး အပါအဝင် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများကို ယမန်နေ့သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ နေ့လယ် ၄ နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပေးသည့် လွတ်ငြိမ်းခွင့်နှင့်ပတ်သက်ပြီး မကျေနပ်မှုများ ဖြစ်ပေါ်ကာ အကျဉ်းသားများနှင့် အကျဉ်းဦးစီးဝန်ထမ်းများ စကားများကြကြောင်း၊ ယင်းနောက် ထောင်တွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ထောင်တွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ရဲဘော် ၂ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

“နိုင်ငံရေး အကျဉ်းသား ၂ ဦးသေဆုံးသွားတာ။ အဲဒီ ၂ ဦးလုံးက ၅၀၅ နဲ့ လွတ်ဖို့ လပိုင်းအလိုပဲ ကျန်တော့တဲ့ ရဲဘော်တွေ ဖြစ်တယ်ဗျ။ ဒီလိုမျိုး ဥပဒေမဲ့ လုပ်ရပ်တွေကို ၂၀၂၄ မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲနဲ့ အကျဉ်းဦးစီးက ပေါ်ပေါ်ထင်ထင်ကို ကျူးလွန်နေတာဖြစ်တဲ့အတွက် အကျဉ်းထောင်တွေကို နိုင်ငံတကာအနေနဲ့ လုံးဝလက်လွှတ်ထားလို့ မရဘဲနဲ့ အမြဲတမ်း စောင့်ကြည့်ဖိအားပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်က နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ သတ်ဖြတ်ပြီးနောက် မိသားစုကို အကြောင်းကြားစာ ပေးပို့ခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများ အသက်ကို တန်ဖိုးမရှိသယောင် လုပ်ဆောင်နေကြောင်း ၊ ဧပြီလ ၂၁ ရက်နေ့တွင် သေဆုံးသွားသော အကျဉ်းသား ၄ ဦး ၏ နာရေးကို သဂြိုလ်ခဲ့ပြီး ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသားကိုကျော်စိုးဝင်း၏ နာရေးကို မိသားစုဝင်များ လာရောက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article