28 C
Yangon

ရွေးကောက်ခံ NLD ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက အနားပေးဟု ထုတ်ပြန်၊ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ဟုဆို

Must read

ရွေးကောက်ခံ NLD ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက အနားပေးဟု ထုတ်ပြန်၊ စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၂

ရွေးကောက်ခံ NLD ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို အကြမ်းဖက်စစ်ကောင်စီက အနားပေးကြောင်း ယနေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ကျန်းမာရေးအရ ရွေးကောက်ခံ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို ရာထူးတာဝန်မှ အနားယူခွင့် ပြုကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဒုသမ္မတ ဟင်နရီဗန်ထီးယူသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်အမတ်၊ ယင်းနောက် လွှတ်တော်က ရွေးချယ်ထားသော ဒုသမ္မတဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ အာဏာသိမ်းထားသော စစ်ကောင်စီတွင် ဖြုတ်ချပိုင်ခွင့်မရှိကြောင်း၊ အနားပေးပိုင်ခွင့်လည်းမရှိကြောင်း၊ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကို အနားပေးမှုသည် ၂၀၀၈ အခြေခံဥပဒေကို စစ်တပ်က ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

“လွှတ်တော်က ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတနဲ့ ဒုတိယသမ္မတွေကို လွှတ်တော်က Impeach စွပ်စွဲပြစ်တင်မှု လုပ်ပြီးမှပဲ ဖြုတ်ချ ပိုင်ခွင့်ပဲရှိတယ်။ အခြား မည်သည့် ပုဂ္ဂိုလ်ကမှ အနားပေးတယ်လို့ လုပ်လို့မရဘူး။ ဘာလို့ဆိုတော့ သမ္မတနဲ့ ဒုတိယသမ္မတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံ တော်ရဲ့ အမြင့်ဆုံးသော အကြီးအကဲတွေဖြစ်လို့ပဲ။ သမ္မတဦးဝင်းမြင့်ကိုလည်း စစ်တပ်က ဖမ်းပြီး အာဏာလုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာပဲ။ အခုတစ်ခါ ဒုသမ္မတ ဟင်နရီဗန်ထီးယူကို ဖြုတ်တာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အရ တရားမဝင်ဘူး” ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။ ယင်းနောက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် အရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ထားသော ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူသည် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင် ရွက်သဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း NLD က ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းကာလအတွင်း NLD ပါတီက ယုံကြည်စွာ တာဝန်ပေးမှုဖြင့် NLD လွှတ်တော် အမတ် ဦးဟင်နရီ ဗန်ထီးယူသည် ဒုတိယ သမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန် နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း NLD ပါတီ၏ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဩဂုတ်လ ၈ ရက်နေ့ NLD ဗဟိုအလုပ်ကော်မတီက ဟင်နရီ ဗန်ထီးယူ ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အများသဘောတူ အစည်းအဝေး ဖြင့် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက် များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည် ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း NLD က တရားဝင် ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article