31 C
Yangon

မြိုင်မြို့မှ ထွက်ခွာလာသော စစ်ကြောင်းကို ၇ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်မိ၊ လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မြိုင်မြို့မှ ထွက်ခွာလာသော စစ်ကြောင်းကို ၇ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်မိ၊ လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ မြိုင်မြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၇ ရက်ဆက် လိုက်လံ တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်မိကာ လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြိုင်မြို့ တောင်ဘက် ၂ မိုင်ကျော်ခန့် အကွာတွင် အခြေပြုလျှက်ရှိသော စက်မှု ၂ မှ ထွက်ခွာလာခဲ့သည့် စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးရွာကို နံနက် ၁၁ နာရီကျော်ခန့်တွင် ရောက်ရှိလာပြီး ထိုမှ တဆင့် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဆက်လက် ထွက်ခွာလာရာ ပေါက်မြို့နယ် ဆေးပင်ကြီးကျေးရွာနှင့် ကျောက်မဏ္ဍပ် တောလျှိမြှောင်အတွင်းသို့ ရောက်ရှိလာပြီး တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဖလန်ကိုင်းရေနံမြေကို ထွက်ခွာသွားကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အင်အား ၅၀ ခန့်ဖြင့် ဖလန်ကိုင်းကျေးရွာကို ရောက်ရှိသွားပြီး ကာကွယ်ရေးတပ်ဖွဲ့များက ည ၁၁ နာရီခန့်မှ စတင်၍ ဒရုန်း ဗုံးသီး မြောက်မြားစွာဖြင့်လည်းကောင်း၊ ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီခန့်မှ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်အထိ လည်းကောင်း ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်မှစ၍ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်ထိ ဒရုန်းဗုံးသီး ၈၀ ကျော် ဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း ရဲအုပ် သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲ ဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဖလန်ကိုင်း ရေနံမြေကို ရောက်ရှိလာသော စစ်ကြောင်းသည် ပုန်းအောင်း၍ ပြန်လည်ထွက်ခွာ သွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲ အင်အား ၁၀၀ ကျော်ခန့်သည် ဖလန်ကိုင်း ကျေးရွာတွင် ပျောက်ကွယ်သွားသောကြောင့် ရော့ကတ်များ၊ ဒရုန်းဗုံးသီးများဖြင့် စစ်သားနှင့် ရဲများရှိရာနေရာများကို ဧပြီလ ၂၁-၄-၂၀၂၄ ရက်နေ့ ည ၁ နာရီကျော် အချိန်ခန့်အထိ ဒရုန်းဗုံးသီး ၁၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ခိုအောင်းနေနိုင်သည့် နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပစ်ခတ် တိုက်ခိုက်မှုများ ဆောင်ရွက်ရာ ကျောက်မဏ္ဍပ်အနီးတွင် လက်နက်ကိုင် ၆ ဦး တွေ့ရှိသောကြောင့် ဝိုင်းဝန်း ပစ်ခတ်ရာ ဖမ်းဆီးရာ ဖလန်ကိုင်းရေနံမြေမှ ရဲများကို ဒဏ်ရာ၊ လက်နက် များဖြင့် အရှင် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ရဲ ၆ ဦးမှာ ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ဖြစ်ကြောင်း ဒဏ်ရာရရှိသည့် ရဲများကို ကာကွယ်ရေးတပ်ဖွဲ့မှ ဆေးတာဝန်ခံနှင့် ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးလျှက်ရှိပြီး စိုးရိမ်ဒဏ်ရာရရှိသူ ၂ ဦးနှင့် ကျည်ထိမှန်သူ ၄ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စစ်သုံ့ပန်း ထိန်းသိမ်းရေးဥပဒေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်း ရဲတပ်သား ၆ ဦးထံမှ G-3 ၄ လက်၊ ကျည်ဘောက် ၄ ဘောက်၊ G-3 ကျည် ၃၀၀ တောင့်၊ 79 ၁ လက်၊ ၄၀ မမ ကျည် ၁၀ လုံး၊ AK ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၇၂ တောင့်၊ MA-11 ၁ လက်၊ ကျည်ဘောက် ၁ ဘောက်၊ ကျည် ၄၀၀ တောင့်၊ BA-94 ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၈ လုံး၊ Power Bank ၁ လုံး၊ ပတ်တီး ၂ ခု၊ ဓားမြှောင် ၂ ချောင်း၊ ဓာတ်မီး ၁ လက်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပွိင့် ဖိနပ် ၃ ရံ၊ ကျည်ကာအင်္ကျီ ၇ ထည်၊ နာရီ ၁ လုံး၊ ငွေကျပ် ၁၄၄၈၅၀ ကျပ်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီး၍ မြိုင်ပကဖ အဖွဲ့ဝင်ဖြစ်သော Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article