37 C
Yangon

မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းနေဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

Must read

မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းနေဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆို

■ မြ၀တီမြို့ ခလရ ၂၇၅ တပ်တွင် စစ်ကောင်စီအလံတင်ရန် BGF က စစ်သားများကို ခေါ်ဆောင်လာခဲ့ဟု ပဒိုစောတောနီး အတည်ပြု

ရန်ကုန်၊ ဧပြီ ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့ မှ KNLA ပူးပေါင်းတပ်များ ယာယီဆုတ်ခွာလိုက်ပြီး စစ်ကူလာနေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်လာသော စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးပြောဆိုလိုက်သည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ KNLA က သိမ်းပိုက်ထားခဲ့သော မြ၀တီမြို့ ခလရ ၂၇၅ တပ်အတွင်းတွင် နယ်ခြားစောင့်BGF ၏ ခေါ်ဆောင်လာမှုဖြင့် စစ်ကောင်စီတပ်သားတချို့က စစ်ကောင်စီအလံတင်သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် KNLA တပ်များက မြ၀တီမြို့မှ ယာယီဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း ပဒိုစောတောနီးက ပြောဆိုသည်။

“မြ၀တီမြို့မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေ စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲဒီ ၂၇၅ မှာပဲ စစ်ကောင်စီ အလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့အပေါ်မှာတော့ အထူးသဖြင့် ဒီလို အင်မတန်မှကို အရေးကြီးတဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေရေးအတွက် ကျနော်တို့ KNLA ပူးပေါင်းတပ်တွေ မြ၀တီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရှင်းပြသည်။

လက်ရှိတွင် KNLA ဦးဆောင်သော ပူးပေါင်းတပ်များသည် မြ၀တီမြို့သို့ အဓိက စစ်ကူ စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကူ စစ်ကြောင်းများကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေများအရ မြ၀တီမြို့ ကွက်ကွက်လေးတစ်ခုတည်းမကြည့်ဘဲ တစ်နိုင်ငံလုံအတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေး ဦးတည်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အခြားတစ်ဖက်မှာတော့ မြ၀တီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့ မရ အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့ စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်းဘဲ စစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုး ဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်။ ကျနော်တို့ တိုင်းပြည် တစ်ပြည်လုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်နဲ့ မည်သည့် အာဏာရှင် စနစ်ကို မဆို ကျနော်တို့ ရဲ ဦးတည်ချက်က ဒီမြ၀တီမြို့ ကွက်ကွက်လေးကိုပဲ ကြည့်နေတာမဟုတ်ဘူး ။ ဘယ်လောက်အခက်အခဲအကျပ်အတည်းတွေရှိနေပါစေ ကျနော်တို့ အားလုံး ပြန်လည်ရုန်းထပြီးတော့ ဒီမပြီးသေးတဲ့ ဒီခရီးလမ်းကို ဆုံးခန်းတိုင်အောင် ငါတို့ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်။ ဒီတိုင်းပြည်ကို အုပ်ချုပ် သူပြောင်းလဲရေး Regime Change တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေတာမဟုတ်ဘဲ အဘက်ဘက်က ပျက်စီးယိုယွင်းနေတဲ့ စနစ်အားလုံး ပြောင်းလဲပစ်ရေးဆိုတဲ့ System Change ဖြစ်ပေါ်လာရေးအတွက် အင် တိုက်အား တိုက် တစ်စိုက်စိုက် မတ်မတ် ဦးတည်တိုက်ပွဲ ဝင်သွားမယ်ဆိုတာ ဒီနေရာကနေ ရှင်းလင်းတင်ပြချင်ပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

မြ၀တီမြို့ကို ဧပြီလ ၁၁ ရက်နေ့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU က တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article