38 C
Yangon

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ယုံကြည်စိတ်ချရမှု မရှိသော အန္တရာယ်ရှိသူအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ ဆွေစဉ်မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို စာရင်းပြုစု

Must read

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ယုံကြည်စိတ်ချရမှု မရှိသော အန္တရာယ်ရှိသူအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ ဆွေစဉ်မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို စာရင်းပြုစု

■ ကရင်အခြေအနေကို ထိန်းချုပ်ကိုင်တွယ်ရေး ထိုင်းစစ်တပ်နှင့် စစ်ကောင်စီတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဖြစ်ခဲ့သော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီက ယုံကြည်စိတ်ချရမှုမရှိသော အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများနှင့်ဆွေစဉ် မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို နေပြည်တော်စစ်ရုံးချုပ် အသေးစိတ် စာရင်းပြုစုနေကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်များသည် စစ်တပ်နှင့် ပူးတွဲ လုံခြုံရေးယူထားသော နေရာများမှ ထွက်ခွာ ပြီး သက်ဆိုင်ရာ ဌာနချုပ်သို့ ပြန်လည် ပေါင်းစည်းခဲ့ကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီထံမှ လစာအပါအဝင် ခံစားခွင့်များ မယူတော့ဟုငြင်းပယ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည် နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးတို့က ဗိုလ်မှူးကြီး စောချစ်သူကို လာရောက် တွေ့ဆုံခဲ့ရာတွင် စောချစ်သူက BGF အနေဖြင့် မြန်မာစစ်တပ်ထံမှ ခွဲထွက်၍ သီးခြားရပ်တည်မည်ဖြစ်ကြောင်း၊ မည်သည့် ဘက်မှ မလိုက်ဘဲ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလမှစတင်၍ BGF နယ်ခြားစောင့် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ယုံကြည်စိတ်ချရမှုမရှိသည့် အန္တရာယ်ရှိသောသူအဖြစ် စစ်ကောင်စီက သတ်မှတ်ခဲ့ပြီး ၎င်းနှင့်ပတ်သက်သော နောက်ကြောင်းရာဇဝင် နောက်ဆုံး အချက်အလက်များ၊ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများ၊ နေထိုင်သည့်နေရာများ၊ ဘဏ်အကောင့်နှင့်ငွေကြေးများ၊ စောချစ်သူနှင့်ပတ်သက်သည့် ဆွေစဉ်မျိုးဆက် ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို စာရင်းပြုစုရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

“​စောချစ်သူကိစ္စ​ကတော့ အတော်ရှုပ်ထွေးမှုတွေရှိတယ်။ သူရဲ့ လုပ်ငန်းတွေက တရားဝင်၊ မဝင်၊ နောက်တစ်ခါ သူရဲ့ ပိုင်ဆိုင်မှုတွေက တရားဝင်၊ မဝင်။ သူရဲ့ ဘဏ်အကောင့်တွေနဲ့ ငွေကြေးဆိုင်ရာ စီးဆင်းမှုတွေ ဘယ်ကလာသလဲ။ သူရဲ့ ဆွေစဉ် မျိုးဆက် တွေက ဘယ်လိုနေထိုင်သလဲ။ ထိုင်းဘက်မှာဆိုရင် ဘယ်လို အထောက်အထားနဲ့နေကြသလဲ။ အဲဒါအသေးစိတ်စုံစမ်းဖို့၊ အစီရင်ခံစာတင်ဖို့ နိုင်ငံခြားရေး၊ စရဖနဲ့ ပြည်ထဲရေး ပူးပေါင်းလုပ်နေတာရှိတယ်။ ဒီနှစ်ဇန်နဝါရီလကတည်းက အဲဒါလုပ်နေတာပါ” ဟု နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်သော ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လမှာ တိုးတက်သော ကရင့် အမျိုးသား တပ်မ တော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့် ငြိမ်းချမ်း ရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းနောက်၂၀၁၀ ခုနှစ်တွင် စစ်တပ် လက် အော က်ခံ ကရင်ပြည်နယ် နယ် ခြားစောင့်တပ်အဖြစ် တပ်ရင်း ၁၁ ရင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြ၀တီဒေသ သိမ်းပိုက်ခံရမှုမှ ပြန်လည် ရရှိရေး၊ နယ်စပ်ကုန်သွယ်ရေးပုံမှန် ပြန်လည် လည်ပတ်ရေး ကရင်ဒေသမှ လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ အပါအဝင် သတင်းအချက်အလက်များရရှိရေး၊ ထိုင်း-မြန်မာ နယ်စပ်ဒေသ အခြေအနေများကို ထိန်းချုပ် တည်ငြိမ်ရေးအတွက် စစ်ကောင်စီက ထိုင်းစစ်တပ်နှင့် အစဉ်အမြဲ အချိန်တိုင်း အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article