30 C
Yangon

မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြီး နိုင်ငံတကာက အရေးယူပေးရန် တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၂၇

မြန်မာစစ်တပ်က အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်သဖွယ် အသုံးပြုနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်း အဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြပြောဆိုလိုက်ကြောင်း သိရှိရသည်။

ဧ​ပြီလ ၂၃ ရက်နေ့နှင့် ဧပြီလ ၂၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီ၏ Preventing conflict-related sexual violence through demilitarization and gender-responsive arms control” တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ စစ်တပ်အနေဖြင့် ဆယ်စုနှစ်များစွာတိုင် အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်တစ်ခုသဖွယ် အသုံးချလျက်ရှိကြောင်း၊ ယခုအခါ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်သူများသည် စစ်တပ်မှ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အခြားသော အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကြောင့် စိုးရိမ်ရမည့်အန္တရာယ်များကို ယခင်ကထက် ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ စစ်တပ်၏ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ်ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးတိုင်ရပ်တန့်ရမည်ဖြစ်၊ ဤနည်းအားဖြင့် အလားတူရက်စက်ကြမ်းကြုတ်မှုများနှင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ချိန်မှစတင်၍ အာဏာသိမ်းစစ်တပ်အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပို၍မြင်သာလာခဲ့ပြီး စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ကြောင်း၊ မတရားစစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်တွင် အမျိုးသမီးများနှင့် လူငယ်များအနေဖြင့် အာဏာသိမ်းစစ်တပ်အား ခုခံတွန်းလှန်သည့် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်လျက်ရှိသောကြောင့် စစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံနေရကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် CRSV ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် အတွက်မျှသာ လက်နက်များ လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြစ်သည်ကို မိမိတို့ မျက်မြင် ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း ၊စစ်တပ်၏ CRSV နှင့် ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်မှုများအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကောင်းစွာ မှတ်တမ်းပြုထားကြောင်း၊ယင်း ဒုက္ခဆင်းရဲများအပြင် စစ်တပ်၏ တရားမဝင်သော အဓမ္မစစ်သားစုဆောင်းရေး ကြောင့် ပြည်သူများ၏ ဒုက္ခမှာ အဆမတန် တိုးပွားလျက်ရှိကြောင်း၊ အဆိုပါ မတရား အဓမ္မစစ်သား စုဆောင်းမှုအား ရှောင်တိမ်းနိုင်ရန် မိန်းကလေးငယ်များ အပါအဝင် လူငယ်အများစုမှာ ပုန်းခိုနေရခြင်း၊ နိုင်ငံအတွင်းက ထွက်ပြေးနေရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

သို့ဖြစ်ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုကျင့်မှုခံရခြင်းမှ ကာကွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲကာ ပြည်သူများနှင့်အတူ အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရန် အတူတကွ လုပ်ဆောင်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များ ရှိနေသည့် အကြားမှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့်တွဲဖက်၍ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်ပေးနိုင်ရန် အကောင်းမွန်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများအနေဖြင့်

(၁) တရားမဝင် အာဏာသိမ်းစစ်တပ်ထံသို့ ငွေကြေး၊ လက်နက်နှင့် တရားမှုများ ဖြတ်တောက်ပေးရန်၊

(၂) လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နယ်စပ်မှတဆင့် ထောက်ပံ့သည့် လမ်းကြောင်းအပါအဝင် အခြားသော ရရာလမ်းကြောင်းများ အသုံးပြုကာ ရေရှည်တည်တံ့၍ ကြိုတင်မှန်းဆနိုင်သည့် နည်းလမ်းများဖြင့် လိုအပ်နေသူများထံ တိုက်ရိုက်ထောက်ပံ့ပေးရန်၊

(၃) မိမိတို့အား ထိရောက်သော နိုင်ငံရေး၊ သံတမန်ရေးနှင့် ငွေကြေးထောက်ပံ့မှုများဖြင့် ပံ့ပိုးကူညီပေးရန်၊

(၄) စစ်အာဏာရှင်ကျဆုံးရေးအတွက် လိုအပ်သည့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်နှင့်

(၅) မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းခြင်းဖြင့် စစ်တပ်မှ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြီးတိုင်ချုပ်ငြိမ်း ပေးရန်၊ စစ်တပ်မှ ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်း ခံထားရသည့် နစ်နာသူများအတွက် တရား မျှတမှု ဖော်ဆောင်ပေးရေးက အလွန်အရေးပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို တရားနည်းလမ်းတကျ မဖြစ်မနေတာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လိုအပ်ပြီး ၎င်းတို့ ခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ရပ်တန့်ရန်။

ဤနည်းအားဖြင့် အလားတူရက်စက်ကြမ်းကြုတ်မှုများနှင့် ပဋိပက္ခတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို တားဆီးကာကွယ်နိုင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article