27 C
Yangon

ထီးချိုင့်မြို့နယ်၊ ကမ်းနီးဈေးအတွင်းနှင့် ဆေးပေးခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရ၊ စျေးနှင့်နေအိမ်အများအပြား မီးလောင်

Must read

ထီးချိုင့်မြို့နယ်၊ ကမ်းနီးဈေးအတွင်းနှင့် ဆေးပေးခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရ၊ စျေးနှင့်နေအိမ်အများအပြား မီးလောင်

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကမ်းနီးကျေးရွာရှိ ကမ်းနီးဈေးအတွင်းနှင့် ဆေးပေးခန်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ဗုံးစထိမှန်ခဲ့ပြီး ၂ ဦးကို အရေးပေါ်ကုသခဲ့ရကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့်၅ ကြိမ် ပျံဝဲကာ ၄ ကြိမ်ခန့်လေကြောင်းဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

” ဒဏ်ရာရပြည်သူ ၇ ဦးပါ။ ပြင်းထန်ဒဏ်ရာ ၂ ဦးနဲ့ သာမန်ထိခိုက်ဒဏ်ရာရသူ ၅ ဦးပါခင်ဗျာ”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများ အနေဖြင့် မိမိတို့ နေထိုင်ရာ အဆောက်အအုံအနီး ဗုံးခိုကျင်းသို့ အရေးပေါ်လိုင်းကျင်းများတူးထားကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ Y-8, Y-12 အစရှိသည့် ကင်းထောက်လေယာဉ်များသုံး၍ ပစ်မှတ်ရှာဖွေပြီး ဂျက်ဖိုက်တာများဖြင့် လူစုလူဝေးရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း၊ ကင်းထောက်လေယာဉ် အသံကြားရပါက ရောက်သည့်နေရာတွင်ရပ်နေပြီး ကင်းထောက်လေယာဉ်လွန်သွားမှဆက်လက်သွားကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

ကင်းထောက်လေယာဉ်များသည် လှုပ်ရှားမှုကို အဓိက အာရုံခံသည့်အတွက် လဟာပြင်တွင် လူစုလူဝေး လှုပ်ရှားမှုများ မပြုလုပ်ကြရန်၊ ဆိုင်ကယ် ကားများကို အရိပ်၊ အမိုးအကာအောက်တွင်ရပ်ထားကြရန်လည်း ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article