34 C
Yangon

မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍ အပေါ် စစ်တပ်၏ ကျူးလွန် မှုများကို နိုင်ငံတကာက တားဆီး အရေးယူပေးရန် NUG တောင်းဆို

Must read

မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍ အပေါ် စစ်တပ်၏ ကျူးလွန် မှုများကို နိုင်ငံတကာက တားဆီး အရေးယူပေးရန် NUG တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၈

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံကို ဗုံးကျဲတိုက်ခိုက်မှုအပါအဝင် ကျန်းမာရေးကဏ္ဍ အပေါ် စစ်တပ်၏ ကျူးလွန် မှုများကို နိုင်ငံတကာ အနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်း လမ်းများ အသုံးပြု၍ မြန် ဆန်ထိရောက်စွာ တားဆီး အရေးယူပေးရန် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံး အလုံးစုံ ထိခိုက် ပျက်စီးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသော အတွင်းလူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး အခြားလူနာများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်း များလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ္မသူးဆေးရုံသည် ဒေသခံများအတွက် မရှိမဖြစ် ကျန်းမာရေးစောင့် ရှောက်မှုပေးအပ်နေ သည့် ဆေးရုံတစ်ခု ဖြစ်သကဲ့သို့ ချင်းပြည်နယ်သာမက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်များမှ လူနာများပါ လာရောက်ကုသမှုခံယူရာ ဆေးရုံ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အချိန်တွင် ဆေးရုံ တက်ရောက် နေသည့် လူနာများကို ဆေးကုသမှုပေးလျက်ရှိသည့်အချိန်လည်း ဖြစ်ပြီး ရရှိသည့် မှတ်တမ်းများအရ ဆေးရုံတစ်ခုလုံးနှင့်အတူ ဆေးဝါးနှင့်ဆေးပစ္စည်းများ အလုံးစုံ ပျက်စီးထိခိုက်ခဲ့ကြောင်း သိရသည်။

ယခုအဖြစ်အပျက်သည် ဆေးရုံဆေးခန်းများ၊ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများကို ပစ်မှ တ် ထားတိုက်ခိုက်လေ့ရှိသည့် အကြမ်းဖက်စစ်ကောင်စီက ထပ်မံကျူးလွန်လိုက်သော နောက်ထပ် စစ်ရာဇဝတ်မှုတစ်ခုလည်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူတို့ နေထိုင် ရာ ရပ်ရွာများ၊ ဆေးရုံဆေးခန်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် တမင်ရည်ရွယ်၍ လေကြောင်း တိုက်ခိုက်မှုများနှင့် လူမဆန်သော အကြမ်းဖက်မှုများကို တသမတ်တည်း ကျူးလွန်လျက်ရှိကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ် ကောင်စီ၏ တိုက်ခိုက်မှုပေါင်း ၁,၂၉၃ ကြိမ် ရှိခဲ့ပြီး ဆေးရုံဆေးခန်း ၃၄၃ ခုကို ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦးကိုလည်း ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လူ မဆန်သည့် အထက်ပါ အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ချင်းပြည်နယ်၏ ပြည်သူလူထု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော အဖွဲ့အစည်းများနှင့် အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက်ရှိကြောင်း အသိပေးထားသည်။

ဆေးရုံးဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတ ကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုသည်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်း များအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ အသေအချာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍနှင့် အပြစ်မဲ့ပြည်သူ များအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများကို နိုင်ငံတကာ အနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီး အရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ် လျက်ရှိကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

စစ်ရာဇ၀တ်မှုများကို ကျူးလွန်ရုံသာမက ရက်စက်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်နေသည့် လူစိတ်ပျောက်နေသော အကြမ်းဖက် ဖက်ဆစ်စစ်တပ်နှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ် တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းထားသည်။

အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက် ပွဲ ဝင်သွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မင်းတပ်မြို့နယ်ရှိ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲသဖြင့် မီးလောင်ပျက်စီးနေစဉ်။

Photo- ဆရာမအငြိမ်း ဖေ့ဘုတ်စ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article