35 C
Yangon

မကွေးတိုင်းအတွင်း လူငယ်များနှင့် အမျိုးသားများကို စစ်ကောင်စီက ပေါ်တာဆွဲမှု အခြေအနေ ဆိုးလာပြီး အများစု ထွက် ပြေးတိမ်းရှောင်နေရ

Must read

မကွေးတိုင်းအတွင်း လူငယ်များနှင့် အမျိုးသားများကို စစ်ကောင်စီက ပေါ်တာဆွဲမှု အခြေအနေ ဆိုးလာပြီး အများစု ထွက် ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်းအတွင်းတွင် လူငယ်များနှင့် အမျိုးသားများကို စစ်တပ်က ပေါ်တာဆွဲမှုများ အခြေအနေ ဆိုးလာနေပြီး အများစုမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၇ ရက်နေ့ မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် အမျိုးသားများနှင့် လူငယ်များကို စစ်တပ်က မြို့အဝင်တွင် ဂိတ်ချ ဖမ်း ဆီးလျက်ရှိကြောင်း၊ အဓိကအားဖြင့် စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများက လာရောက်စုံစမ်းသောခါ စိတ်မပူရန် ပြောဆို ပြန်လွှတ်ကြောင်း သိရှိရသည်။

“မြို့သစ်မြို့ အဝင် စစ်ဆေးရေးဂိတ်မှာ မနေ့က ဖြတ်သန်းသွားလာတဲ့ အမျိုး သားနဲ့ လူငယ်မှန်သမျှ အကုန်ဖမ်းပါတယ်။ စုစုပေါင်း လူငယ်နဲ့ အမျိုးသား ၆၀ ဦး အဖမ်းခံရပါတယ်။ တပ်သားစုဆောင်းတာလို့ ပြောပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန် ရေနံချောင်းမြို့ နယ်၊ ဂွေးကုန်-နတ်မောက်လမ်းတွင်လည်း လူငယ်များ အများအပြားကို စစ် တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မနေ့က မနက်၈နာရီ‌လောက်မှာ ရေနံချောင်းမြို့နယ် ဂွေးကုန် နတ်မောက်လမ်းမှာ လူငယ်၄ဦးကို စစ်တပ်က ဖမ်းဆီးပါတယ်။ ရွာဈေးဝယ်ထွက်တဲ့ ကားပေါ်ကနေ ကားကိုပိတ်တားပြီး ပါလာတဲ့လူငယ်တွေကို ဆွဲချ ဖမ်းဆီးသွားတာပါ။ မိဘတွေလည်း လိုက်ကြပေမယ့် မရဘူး” ဟု ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိဘက ပြောဆိုသည်။

ထို့အတူ ဧပြီလ ၂၇ ရက်နေ့ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်နှင့် နတ်မောက်မြို့နယ်အကြားရှိ ကျေးရွာများမှ တစ်ရွာလျှင် လူငယ် ၂ ဦးနှုန်းဖြင့် စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့က ရေနံချောင်းမြို့နယ်နဲ့ နတ်မောက်အကြားမှာရှိတဲ့ ရွာတွေကနေ တစ်ရွာကို လူငယ် ၂ ဦးနှုန်း စစ်တပ်က လာခေါ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်တွေရဲ့ မိဘတွေတွေလည် အတော်လေး စိတ်ပူနေကြပါတယ်။ စစ်သားစုဆောင်းတာလို့လည်း ပြောတယ်။ ဘာမှ မေးမြန်းမူမရှိဘဲ ခေါ်ဆောင်သွားတာပါ။ တစ်ရွာနှစ်ယောက် ခေါ်သွားသူတွေကို မိဘတွေနဲ့ အတွေ့မခံဘဲ တပ်ထဲ တန်းပို့တယ်လို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

စစ်တပ်က ထိုသို့ ကျေးရွာများအတွင်းသို့ ဝင်ရောက် ဖမ်းဆီးမှုများနှင့် တပ် သား သစ်စုဆောင်းမှုများ လုပ်ဆောင်နေသည့်အတွက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများမှစ၍ မိသားစုအလိုက် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် ယမန်နှစ်များက ပြည်သူများကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article