32 C
Yangon

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးတိုး၊ အရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်းအလဲများအတွက် ညွှန်ချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူများသာ နေရာ ကောင်းရ

Must read

ထမင်းမစားဘဲ ပြောင်းစားနှင့်အတိုးစားသူဟု ဌာနတွင်း နာမည်ကြီးနေ

ရန်ကုန်၊ ဧပြီ ၃၀

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးအရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်း အလဲများအတွက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူများ နေရာ ကောင်းရပြီး လာဘ်မထိုးနိုင်သူများမှာ ရာထူးမတိုးသည့်အပြင် အန္တရာယ်များသော မြို့နယ်များသို့ ပြောင်းရွှေ့ခံရမှုများ ဖြစ်ပွားနေကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ၊ ကျားဖြန့် နှိမ်နင်းရေးလုပ်ငန်းများကြောင့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်မှာ ဝန်ကြီးဌာနအတွင်း အရွှေ့အပြောင်းများနှင့်ပတ်သက်ပြီး မည်သို့မျှ ဝင်ရောက်ပါဝင်ဆုံးဖြတ်ခြင်းမလုပ်နိုင်တော့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်းအရွှေ့အပြောင်းများ၊ မြို့နယ်ပြောင်းများနှင့် ရာထူးတိုးများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးချုပ် မှ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သန်း ၊ စီမံဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇောလင်းတို့က အဓိက ကိုင်တွယ်သူများဖြစ်ကြောင်း သိရှိရသည်။

“ဌာနတွင်းမှာ ညွှန်ချုပ် ဦးမြင့်သန်းနဲ့ စီမံ ညွှန်မှူး ကျော်ဇောလင်းက ထမင်းစားသူများမဟုတ်ဘဲ ပြောင်းစားသူတွေလို့​ ခေါ်ကြတယ်။ သူတို့က ခိုးစားစရာမလို အတိုးစားသူတွေပေါ့။ ပြောင်းစားဆိုတာက အရာထမ်း အမှုထမ်းတွေကို ဟိုပြောင်း ဒီပြောင်း လုပ်တာကိုစီးပွားဖြစ် လုပ်ကိုင်နေကြလို့ လို့ ပြောင်းစားနေကြသူများဟုသတ်မှတ်ခံရပြီး နာမည်ကြီးတာ။ နောက်တစ်ခုကတော့ ရာထူးတိုးလုပ် ရာမှာလည်း စီးပွားဖြစ် လုပ်ကိုင်နေကြသူတွေပေါ့။ ညွှန်ချုပ်နဲ့ စီမံညွှန်မှူးဆီ ပေးကမ်း မထားလို့ကတော့ ဘယ်အဆင့်နဲ့ ဘယ်လိုပြောထားလည်း ရာထူးမတိုးဘူး။ ရာထူးကို တိုးမပေးဘဲ နည်းပေါင်းစုံဖြင့်ညစ်ထားတာ။ အဲဒါကြောင့် သူတို့နှစ်ဦးကို ပြောင်းစားသူ၊ အတိုးစားသူလို့ ခေါ်တာပါ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လာမည့် မေလအတွင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး (AD) မှ ဒုတိယညွှန်ကြားရေးမှူး (DD) သို့ ရာထူးတိုးပေးမည့် ၂၆ နေရာရှိပြီး ယင်းနေရာများကို လိုချင်သူများအနေဖြင့် ယခုကတည်းက လာဘ်ထိုးကြရန် ညွှန်ချုပ်ဦးမြင့်သန်းနှင့် စီမံညွှန်ကြားရေးမှူး ကျော်ဇောလင်းတို့က နီးစပ်သော အသိုင်းအ၀ိုင်းများမှတစ်ဆင့် နှိုးဆော်နေကြောင်း သိရှိရသည်။

“အခုမေလထဲမှာလည်း AD မှ DD ရာထူးတိုး ၂၆ ဦး ရှိမယ်။ နေရာကောင်းလို ချင်သူငွေပေးရမယ်။ငွေ မပေးတဲ့သူဆို ရာ ထူးတိုး မစဥ်းစားဘူးပေါ့။ နောက်တစ်ခါ မြို့နယ်အုပ်ချုပ်ရေးမှူး အပြောင်း ၃၀၀ လောက်ကို တစ်ကြိမ် ၁၀၀ဦး လောက်နဲ့ ၃ ကြိမ်ခွဲ ပြောင်းဖို့ရှိတယ်။ နေရာကောင်းရချင်ရင်ငွေ ပေးရမယ်။ ပြောင်းစားသူနဲ့ အတိုးစားသူဆီ မဆက်သရင်တော့ ဘာမှ မရဘူးဆိုတာမျိုးဖြစ်နေတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လက်ထက်ကလည်း ညွှန်ချုပ် မြင့်သန်းနှင့် စီမံညွှန်မှူးတို့မှာ လစဉ် ဂါ၀ရပြုကြေး ပေးခဲ့ကြရပြီး ယခု ဝန်ကြီးအသစ် ဒုဗိုလ်ချုပ်ကြီး ရာပြည့် လက်ထက်တွင်လည်း ဂါ၀ရကြေး ပေးရသည်ဟုဆိုကာ အပြောင်းအရွှေ့များနှင့် ရာထူးတိုးများထံမှ နည်းလမ်းများစွာဖြင့် ငွေကြေးတောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြည်ထဲရေးဝန်ကြီးဌာန #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးတိုး #ညွှန်ချုပ် ဦးမြင့်သန်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article