29 C
Yangon

အင်းစိန်ထောင်တွင် ထောင်ဝင်စာ နှင့် ဧည့်တွေ့ရန် နေရာရောင်းချမှုများရှိနေသဖြင့် နိုင်/ကျဉ်းမိသားစုများ အခက်တွေ့နေရ

Must read

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်တွင် ထောင်ဝင်စာနှင့် ဧည့်တွေ့ရန် စောင့်ဆိုင်းရာတွင် အကျဉ်းဦးစီးဝန်ထမ်းနှင့် ၎င်းတို့နှင့်နီးစပ်သူများပူပေါင်း၍ နေရာရောင်းချမှုများ ရှိနေသဖြင့် ထောင်ဝင်စာလာပို့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အခက်အခဲနှင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်းစိန်ထောင်တွင် ထောင်ဝင်စာနှင့် ဧည့်တွေရန် နေရာရောင်းချနေသည့်အတွက် ထောင်ဝင်စာ လာတွေ့သည့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ ကိုယ့်အလှည့်ရောက်သော်လည်း ထောင်ဝင်စာပို့ခွင့်မရဘဲ နောက်ကျမှ ပို့ခွင့်ရသည့် အခက်အခဲနှင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊ ထောင်ဝင်စာ နေရာရောင်းစားနေမှုများနှင့် ပတ်သက်၍ အင်းစိန်ထောင်အာဏာပိုင်များက အရေးယူဆောင်ရွက်မှုများ မလုပ်သည့်အပြင် အရှေ့တံခါးတာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်းများကို ပြောဆိုသည့်အခါတွင်လည်း ထောင်ပြင်ပတွင် ဖြစ်သည့် ကိစ္စဖြစ်၍ အကျဉ်းထောင်နှင့် မဆိုင်ကြောင်းသာ ပြန်လည် ပြောဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက‌ ပြောဆိုသည်။

“ကျနော်တို့ အင်းစိန်ထောင်ရှေ့ကို လေ့လာစောင့်ကြည့်ပြီး စိစစ်နေတာ အချိန်အနည်းဆုံး ၁ လခွဲလောက်တော့ ရှိပြီ။ စောင့်ကြည့်ပြီး မှတ်တမ်းယူခဲ့တာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရှင်းပြသည်။

အင်းစိန်ထောင်ရှေ့တွင် ထောင်ဝင်စာလာတွေ့ရန် အချိန် ၃ နာရီမှ ၅ နာရီကြာသည်အထိ ပူပြင်းသည့် နွေရာသီအောက်တွင် စောင့်ဆိုင်းကြရသည့်အတွက် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် ရောဂါအခံရှိသူများအတွက် အလွန်စိုးရိမ်ရကြောင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များသည် နံနက် ၄ နာရီအချိန်မှစ၍ ထောင်တံခါးရှေ့တွင် ထောင်ဝင်စာပါဆယ်ပို့ဆောင်ရန်နှင့် ဧည့်တွေ့ခွင့်ရစေရန် စောင့်ဆိုင်းနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရှိရသည်။

အင်းစိန်ထောင်တွင်းသို့ ထောင်ဝင်စာပေးပို့ရာတွင်လည်း အကန့်အသတ်များစွာ ဖြစ်ပေါ်နေကြောင်း၊ အကျဉ်းထောင်အာဏာပိုင်များ၏ လိုအပ်ချက်များပင် ဖြစ်ကြောင်း၊ ထောင်ဝင်စာတွေ့ရမည့် သူများကို လိုင်းများခွဲ၍ စနစ်တကျနှင့် စောင့်ဆိုင်းစေရန် သတ်မှတ်ပေးနိုင်လျှင် ရှေ့ရောက်သူ နောက်မှ ရောက်သူဟူ၍ ပြဿနမျာများ မဖြစ်နိုင်ဘဲ နေရာရောင်းချမှု ပြဿနာများလည်း အတတ်နိုင်ဆုံး လျော့ကျသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက‌ ပြောဆိုသည်။

“လက်ရှိအခြေနေမှာတော့ ထောင်အာဏာပိုင်နဲ့ ဝန်ထမ်းတွေက နေရာရောင်းချမှုဖြစ်စဉ်ကို မသိကျိုးကျွံပြုပြီးမှ မျက်နှာ လွှဲခဲပစ်လုပ်ထားတဲ့အတွက် ဒီလိုမျိုး တကယ်ကိုမှ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရတဲ့ မိသားစုဝင်တွေအတွက် ပိုပြီးတော့ ဒုက္ခရောက်ကြရပါတယ်။ အင်းစိန်အကျဉ်းထောင်မှ မဟုတ်ပါဘူး ထောင်တိုင်းမှာ စနစ်ကျ ကောင်းမွန်တဲ့ မိသားစုဝင်တွေကို တကယ်စေတနာထားပြီး လုပ်ကိုင်နိုင်မယ့် အစီအမံတွေ ချမှတ်ပေးဖို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက‌ ပြောကြားသည်။

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်မှ ထောင်ဝင်စာပေးပို့မှုနှင့်ဧည့်တွေ့မှု အခြေအနေ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အင်းစိန်အကျဉ်းထောင်မှ ထောင်ဝင်စာပေးပို့မှုနှင့်ဧည့်တွေ့မှု အခြေအနေ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article