29 C
Yangon

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက မြေကော်စက်များဖြင့် ဖျက်ဆီး၍ ပြည်သူများ အခက်တွေ့နေရ

Must read

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက မြေကော်စက်များဖြင့် ဖျက်ဆီး၍ ပြည်သူများ အခက်တွေ့နေရ

ရန်ကုန်၊ မေ ၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ကျေးရွာချင်းဆက်လမ်းများကို စစ်ကောင်စီက မြေကော်စက်များဖြင့် ဖျက်ဆီး၍ ပြည်သူများ အခက်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့မှစတင်၍ စစ်တပ်က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ ဇာဒီ-ခေါင်ပြန်လမ်း၏ နေရာ ၂ ခုထက်မနည်းတွင် စစ်တပ်က မြေကော်စက်များဖြင့် လာရောက် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်းလမ်းသည် ကံပေါက်ဒေသနှင့် နဘုလယ်ဒေသတို့ကို ဆက်သွယ်သည့် လမ်းဖြစ်ပြီး လမ်းပိုင်း ဖြတ်ခံရသည့် ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အရေးပေါ်ကျန်းမာရေး၊ စားသောက်ကုန်များ ဝယ်ယူရေးတွင် လမ်းဖျက်ဆီးခံရ၍ သွားလာ၍ မရတော့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“ရေဖြူမြို့နယ် ၊ကံပေါက် ဒေသ ဇာဒီရွာပတ်ဝန်းကျင်မှာရှိတဲ့ လမ်းတွေကို ဘက်ဖိုးတွေနဲ့ လာထိုးပြီး ဖျက်ဆီးတာ။ လမ်းတွေကို မြေတွင်းကြီးတူးပြီး ဖြတ်ထားတား။ ကား၊ ဆိုင်ကယ် လုံး၀ သွားမရဘူး။ စစ်တပ်က ဖျက်ဆီးသွားတာဆိုတော့ ဒေသပြည်သူတွေလည်း မပြင်ရဲဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လမ်းများကို ဖျက်ဆီးထားသည့်အတွက် မြို့ဘက်သို့ သွား၍ စျေးအရောင်းအဝယ် လုပ်မရသည့်အပြင် နယ်မြေအေးချမ်းမှု အာမခံချက် မရှိတော့သကဲ့သို့ဖြစ်နေကြောင်း၊ စစ်တပ်က ယင်းကျေးရွာများသို့ အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သဖြင့် တချို့ပြည်သူများမှာ ပစ္စည်းများ နိုင်သမျှ သယ်ယူ၍ ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။

“လမ်းတွေ လာဖြတ်ထားတာက အမည်းရောင် နယ်မြေဆိုတဲ့သဘောဖြစ်တော့ ဒေသပြည်သူတွေ အတော်ကို ဒုက္ခရောက်ကြတယ်။ လုပ်စားလို့လည်းမရ။ ပညာရေး ကျန်းမာရေး လူမှုရေး စီးပွားရေး အကုန်ထိခိုက်တယ်။ တချို့လည်း နိုင်ရာပစ္စည်း ယူပြီး ပြောင်းပြေးကြတယ်။ တိုက်ပွဲတွေ ဖြစ်လာမှာစိုးရိမ်ကြတာ”ဟု ဇာဒီကျေးရွာမှ ယာခင်းလုပ်ကိုင်သူက ရှင်းပြသည်။

ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး စစ်ရေးတင်းမာနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article