30 C
Yangon

မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ်မှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန့်ဇော်ဝင်း ဒေါနတောင်​ပေါ်တိုက်ပွဲတွင် သေဆုံး

Must read

မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ်မှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန့်ဇော်ဝင်း ဒေါနတောင်​ပေါ်တိုက်ပွဲတွင် သေဆုံး

ရန်ကုန်၊ မေ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်ကူသွားနေသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန့်ဇော်ဝင်းသည် ဒေါနတောင်ပေါ် တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ဖခင်ဖြစ်သူ၏ လူမှုကွန်ရက်တွင် ရေးသားချက်နှင့် စစ်ဘက်သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။

မေလ ၂ ရက်နေ့ ဒေါနတောင်ပေါ်တွင် မြ၀တီမြို့သို့ ဦးတည် ချီတက်နေသော စစ်ကောင်စီ၏ စစ်ကူတပ်များကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တောက်လျှောက်တိုက်ခိုက်ခဲ့ရာ ခလရ ၉၄ မှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန့်ဇော်ဝင်း ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း၊ ယင်းနောက် ရရှိသော ဒဏ်ရာဖြင့်ပင် သေဆုံးသွားကြောင်း သိရှိရသည်။

“ဒေါနတောင်ပေါ်မှာ နေ့စဉ် တိုက်ပွဲတွေဖြစ်ပါတယ်။ တပ်ဘက်ကလည်း အကျအဆုံးများတယ်။ မေလ ၂ ရက်နေ့ ပွဲမှာတော့ ခလရ ၉၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇော်ဝင်း ကျဆုံးပါတယ်။ မေလ ၄ ရက်နေ့မှာ ရတခမှာပဲ စစ်အခမ်းအနားနဲ့ သဂြိုလ်ပါတယ်”ဟု တပ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဖခင်ဖြစ်သူ ဦးဇော်ဝင်း၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ ခလရ ၉၄ တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်း သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ကျောင်းဆင်းဖြစ်ကြောင်း၊ ဒေါနတောင်ပေါ် စစ်ကူစစ်ကြောင်းကို ဦးစီး၍ ချီတက်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါနတောင်ပေါ်မှာ ကျသွားတဲ့ ခလရ ၉၄ တပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်းရဲ့ အဖေကလည်း စစ်အရာရှိဟောင်းပဲ။ နာရေးကိုတော့ မိသားစုတက်ခွင့်ရတယ်လို့ သိရတယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မြ၀တီမြို့သို့ စစ်ကောင်စီတပ်များကို အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် စေလွှတ်လျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့မှ ယနေ့အချိန် ယင်းစစ်ကြောင်းမှာ မြ၀တီမြို့သို့ ရောက်ရှိခြင်းမရှိသေးဘဲ လမ်းတလျှောက်တိုက်ခိုက်မှုများကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖခင် ဦးဇော်ဝင်းက သားဖြစ်သူအတွက် လူမှုကွန်ရက်တွင် တင်ထားသည့် နာရေးကြော်ငြာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article