ရန်ကုန်၊ မေ ၈
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်း၊ ပဲဒက်စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၅ ရက်နေ့ နံနက် ၇ နာရီမှစတင်ပြီး တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းဘေးရှိ စစ်ကောင်စီ၏ ပဲဒက်စစ်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၆ ရက်နေ့ ၊ ၇ ရက်နေ့နှင့် ယနေ့ ၈ ရက်နေ့ အထိ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်မူ စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်ကိုလည်း အရှင်ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“စစ်သား ၂၀ ကျော် အရှင်ဖမ်းမိထားတယ်။ စစ်တပ်ဘက်မှာ သေဆုံးမှုများတယ်။ အခုတော့ စစ်သုံ့ပန်းတွေကို ကျနော်တို့ ရွှေ့ပြောင်းနေတယ်။ လက်နက်တွေလည်းရထားတယ်။ တရားဝင် အသေးစိတ်ကို သတင်းထုတ်ပြန်ပါ့မယ်။ အခုက နယ်မြေရှင်းလင်းရေး လုပ်နေတာရယ်။ သတင်းကို အထက် အဆင့်ဆင့် တင်ပြထားပါတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်မှုရှိပါတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသသတင်းရင်းမြစ်ကဆိုသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ရေတပ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများရှိနေကြောင်း၊ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပဲဒက်ကျေးရွာ စစ်တပ်စခန်း #တော်လှန်ရေးတပ်များက သိမ်းပိုက်

