35 C
Yangon

ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ

Must read

ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ

■​ ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမက လင်ဖြစ်သူ လွတ်မြောက်ရေး နာမည် ကြီး ဗေဒင်ဆရာ၊ ဘုန်းကြီးများဖြင့် ယတြာချေနေ

ရန်ကုန်၊ မေ ၆

မန္တလေးတိုင်း၊ မိတ္တီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်ကို စစ်တပ်က လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့သည့်သတင်းကို Khit Thit Media က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းကို ဖြုတ်ချပေးပါက အလှူငွေပေးအပ်မည်ဟု Khit Thit သတင်းဌာနထံသို့ စစ်တပ်အသိုင်းအ၀ိုင်းက ဆက်သွယ်ပြောလာသည်။

မေလ ၃ ရက်နေ့ ညပိုင်း စစ်ဖက်ရေးရာ ထောက်လှမ်းရေးတပ်ဖွဲ့များက အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူး ကြီး ညီညီမောင်ကို ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ယင်းသို့ ဖမ်းဆီးမှု သတင်းကို Khit Thit Media က ဖော်ပြခဲ့သဖြင့် ယင်းဖော်ပြမှုအပေါ် ဖြုတ်ချပေးစေလိုကြောင်း၊ ယင်းသို့ ဖြုတ်ချပေးပါက Khit Thit Media နှင့် တော်လှန်ရေး အင်အားစုများထံသို့ အလှူငွေ အနည်းဆုံး သိန်း ၅၀ မှ စတင်၍ ပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။

ငွေကြေးပေးရန် ကမ်းလှမ်းလာသူများက ၎င်းတို့ကို ဒုတပ်မမှူး၏ သားတပည့်များဟုသာ မှတ်ထားပေးရန်နှင့် သတင်းဖြုတ်ချလိုက်သည်နှင့် K-Pay ၊ Wave (သို့မဟုတ်) တရုတ်ဘဏ်အကောင့်ရှိလျှင် တရုတ်ဘဏ်အကောင့်၊ ထိုင်းဘဏ်အကောင့်ရှိလျှင် ထိုင်းဘဏ်အကောင့်မှ တဆင့် အလှူငွေပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းမှာ ခိုင်မာသော သတင်းဖြစ်၍ ဖြုတ်ချပေးရန် မရှိဘဲ အလှူငွေကိုလည်း လက်ခံမည်မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သော ဗိုလ်မှူးကြီးညီညီမောင်သည် ၂၀၂၁ ခုနှစ် တပ်မ ၇၇ ဗျူဟာမှူး ဖြစ်ခဲ့စဉ်က မြောက်ဥက္ကလာပတွင် ဆန္ဒပြပြည်သူများကို ကိုယ်တိုင် စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီးညီညီမောင်သည် ရုရှားပြန်စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး မိန်းမရှုပ်သူအဖြစ် နာမည်ကြီးသူလည်းဖြစ်သည်။

စစ်တက္ကသိုလ်ကျောင်းဆင်းပြီးချိန်တွင် KTV မှ အမျိုးသမီးနှင့် ပထမ အိမ် ထောင်ကျပြီး သမီးတစ်ဦး မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှားသို့ ပညာ တော်သင်သွားရပြီး မြန်မာပြည်ပြန်ရောက်ချိန် ပထမအိမ်ထောင်နှင့်ကွဲကာ စစ်တက္ကသိုလ်တွင် ဗိုလ်ကြီးရာထူးဖြင့် နည်းပြတာဝန်ထမ်းဆောင်သည်။

ထိုအချိန် စစ်တက္ကသိုလ် (ချယ်ရီရိပ်) လက်ဖက်ရည်ဆိုင်ပိုင်ရှင် သမီးအကြီးမနှင့်ငြိစွန်းခဲ့ပြီး ကိုယ်ဝန်ဖျက်ချခဲ့ရကာ မိန်းမကိစ္စအတွက် တိုင်ကြားခံခဲ့ရသည်။ အဆိုပါ အမျိုးသမီးမှာ နောင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်း ဗိုလ်မှူးဇော်ပိုင်၏ ဇနီးဖြစ်လာသည်။

ယင်းနောက် ဒုတိယအိမ်ထောင်အဖြစ် မီမီစံနှင့် အိမ်ထောင်ကျပြီး စစ်တက္က သိုလ် စာပေ ၂ တွင် ဘောလုံးဒိုင်ကိုင်ခြင်း အပါဝင် လောင်းကစား အလုပ်များကို လုပ်ကိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးရာထူး တိုးပြီး ၂၀၁၃ ခုနှစ်တွင် ဖာပွန် ခလရ ၁၉ သို့ ဒုတိယတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရသည်။ ထိုစဉ် ဒေသမှ အမျိုးသမီး ၁ဦးနှင့် ငြိစွန်းသဖြင့် တိုင်ကြားခံရကာ ငွေကြေးပေးလျှော်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ငူ ခလရ ၂၆ သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရသည်။ တပ်ရင်းမှူးဘ၀တွင်လည်း ဒေသမှ အမျိုးသမီး တစ်ဦးနှင့် ထပ်မံ ငြိစွန်းခဲ့သဖြင့် ယင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။

တပ်ရင်းမှူးဘ၀ မြ၀တီ- တောင်ငူ လိုင်စင်မဲ့ကားများ သယ်ယူခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တောင်ငူတွင် KTV မှ အမျိုးသမီးတစ်ဦးဖြင့် ငြိစွန်းသဖြင့် လျှော်ကြေးပေး ဖြေရှင်းခဲ့ရပြန်သည်။

၂၀၁၇ ခုနှစ်တွင် ဗထူးကျောင်းသို့ နည်းပြဖြင့် ပြောင်းရွှေ့ပြီး တပ် ရင်းမှူး သင် တန်းသားများထံမှ ငွေကြေး ကောက်ခံသဖြင့် ကျောင်းအုပ်ကြီး၏ သတိပေးမှု ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် တပ်မ ၇၇ ၏ဗျူဟာမှူးဖြစ်ခဲ့ပြီး ရန်ကုန်ရှိ စစ်အာဏာရှင်ကို ဆန္ဒပြသည့် အရေးအခင်းတွင် ပြည်သူများကို စက်သေနတ်ဖြင့် ကိုယ်တိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် တပ်မ ၉၉ ၏ ဒုတိယတပ်မမှူးဖြစ်လာပြီးနောက် လောက်ကိုင်တွင် ခေတ္တသွားရောက် တာဝန်ယူခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူစဉ် လောင်းကစားနှင့် ကျားဖြန့်များထံမှ ငွေကြေး မြောက်များစွာ လက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ယခုမေလတွင် လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမဖြစ်သူ မီမီစံက လင်ဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် နာမည်ကြီး ဗေဒင်ဆရာများ၊ ဘုန်းကြီးများနှင့် တွက်ချက်၍ ယတြာချေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article