26 C
Yangon

နိုင်ငံတစ်ဝန်း UID Smart Card များလုပ်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ်ပေါ်နေပြီး စမတ်ကတ် အမြန်ကြေး အနည်းဆုံးငွေကျပ် ငါးသောင်းမှ သုံးသိန်းအထိ ပေးနေရ

Must read

နိုင်ငံတစ်ဝန်း UID Smart Card များလုပ်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ်ပေါ်နေပြီး စမတ်ကတ် အမြန်ကြေး အနည်းဆုံးငွေကျပ် ငါးသောင်းမှ သုံးသိန်းအထိ ပေးနေရ

ရန်ကုန်၊ မေ ၁၂

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများ၏ ကိုယ်ရေးသတင်းအချက်အလက်များကို ထိန်းချုပ်နိုင်ရေးအတွက် UID Smart Card များကို မဖြစ်မနေ လုပ်ဆောင်ရန် ဖိအားပေးနေရာ နိုင်ငံတစ်ဝန်း စမတ်ကတ်လုပ်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနက လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ကျူးလွန်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင်လည်းကောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့်အတွက်လည်းကောင်း ၊ ခရီးသွားလာရာတွင်လည်းကောင်း UID Smart Card များ ပါရှိရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ထားရာ ယင်းသို့ လုပ်ဆောင်မှုကြောင့် ပြည်သူများအားလုံးမှာ UID Smart Card များ မဖြစ်မနေ လုပ်ဆောင်နေရကြောင်း၊ နိုင်ငံတစ်ဝန်း မြို့နယ်များရှိ လ၀ကရုံးများတွင်UID Smart Card ပြုလုပ်သူများဖြင့် ကြိတ်ကြိတ်တိုးနေရာ လူဝင်မှုကြီးကြပ်ရေးဌာနက ငွေ​ကြေးများ အဆမတန် တောင်းခံ၍ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“ဘယ်မြို့နယ်မှာပဲ လုပ်လုပ် UID Smart Card လုပ်မယ်ဆိုရင် အနည်းဆုံး ငါးသောင်းပေးရတယ်။ အလျှင်လိုရင် သုံးသိန်းအထိ လ၀ကတွေက တောင်းတယ်။ အခုက အဲဒီ UID Smart Card မပါရင် ခရီးသွားမရဘူး၊ နိုင်ငံကူးလက်မှတ် လျှောက်မရဘူးဆိုတော့ လူတိုင်းက အဲဒါကို လျှောက်နေရတယ်။ လ၀ကအတွက်ကတော့ စားပေါက်ဂွင်ကြီးဖြစ်နေတာပေါ့” ဟု ရန်ကုန်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ခွင့်ရရှိနိုင်ရန် UID Smart Card များ ပြည်သူများ နေ့စဉ် ကြိတ်ကြိတ်တိုး လုပ်နေကြရပြီး အမြန်ကြေး တရုတ်ယွမ်ငွေ ၅၀၀ မှစ၍ လ၀က က တောင်းယူနေကြကြောင်း သိရှိရသည်။

“သူတို့က တစ်ပတ်ကို ၁၂၀၀ ကျော်လောက်ပဲ UID ကတ်လုပ်ပေးတာ။ တကယ်တမ်းလုပ်ချင်တာ လူတွေ သောင်းနဲ့ချီပြီး လုပ်ချင်ကြတာ။ အဲဒီတော့ ကြိတ်ကြိတ်တိုး။ ပွဲစားတွေ Under Table တွေ အလုပ်ဖြစ်ကုန်တာ။ UID ကတ်မပါရင်လည်း တရုတ်ပြည်ဘက် ပေးမကူးဘူးလေ။မူဆယ် လ၀ကက ကောင်တွေ အကုန် သူဌေးတွေဖြစ်ကုန်ပြီ။ တစ်နေ့ တစ်နေ့ ငွေကို ဆာလာအိတ်တွေနဲ့ပါ ထည့်ရတယ်” ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

UID ကတ်များသည် ပြည်သူများ၏ အချက်အလက်များကို အွန်လိုင်းပေါ်တွင် မှတ်ပုံတင်လိုက်ခြင်းဖြစ်ပြီး ဂဏန်း ၁၀ လုံးပါ ကတ်တစ်ခုထုတ်ပေးကြောင်း၊ယင်းကတ်နံပါတ်ကို အွန်လိုင်းပေါ်တွင် ဖြည့်လိုက်ရုံဖြင့် အဆိုပါပြည်သူသည် မည်သည့်နေရာ၊ မည်သည့်မြို့နယ်မှ ဖြစ်သည်ကို အလွယ်တကူ သိရှိနိုင်ကြောင်း သိရှိရသည်။

ရန်ကုန်းတိုင်း၊ အင်းစိန်မြို့နယ်၊ ငစိန်လမ်းလဝကရုံးတွင် UID Smart Card ပြုလုပ်ရာတွင် ငွေကြေးပေး၍လုပ်ဆောင်သူနေရပြီး ပိုက်ဆံပေးနိုင်သူများ အမြန်လုပ်ပေးကာ ပိုက်ဆံမပေးနိုင်သူများသည် နံနက် ၃ နာရီကတည်းက စတင် တန်းစီရကြောင်း၊ ပိုက်ဆံပေးထားသူများသည် နံနက် ၉ နာရီတွင် လာရောက်၍ နာရီဝက်အတွင်း စမတ်ကတ် ရရှိကြောင်း၊ ပိုက်ဆံမပေးနိုင်သူများမှာ နံနက် ၃ နာရီမှစတန်းစီ၍ မွန်းလွဲ ၁ နာရီမှ ရရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ အင်းစိန် လ၀ကရုံးတွင် UID Smart Card နှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article