25 C
Yangon

ရန်ကုန်နှင့်မန္တလေးတို့တွင် လျှပ်စစ်မီး အလှည့်ကျ ရရှိသည့် စနစ် မဟုတ်တော့ဘဲ လုံး၀(လုံး၀) မီးမရရှိတော့သည့်အခြေအနေ ရောက်ရှိနေဟုဆို

Must read

ရန်ကုန်၊ မေ ၁၇

ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် လျှပ်စစ်မီး အလှည့်ကျ ရရှိသည့် စနစ် မဟုတ်တော့ဘဲ လုံး၀(လုံး၀) မီးမရရှိတော့သည့်အခြေအနေ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်နှင့်မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ မေလ ၁၇ ရက်နေ့ ၊ မေလ ၁၆ ရက်နေ့ ၊ မေလ ၁၅ ရက်နေ့၊ မေလ ၁၄ ရက်နေ့တို့သည် လျှပ်စစ်မီး တစ်နေ့လျှင် ၂ နာရီဝန်းကျင်သာ ရရှိပြီး ရရှိသည့် ၂ နာရီမှာလည်း တစ်ဆက်တည်းမဟုတ်ဘဲ လာလိုက်၊ ပြတ်လိုက် ဖြစ်နေရကြောင်း၊ တချို့ရက်များတွင် ည ၈ နာရီမှ ပြတ်တောက်သွားသည့် လျှပ်စစ်မီးသည် နောက်တစ်နေ့ နံနက် ၈ နာရီအထိ လုံး၀ မလာတော့ကြောင်း၊ ယခင်က အလှည့်ကျ လျှပ်စစ်မီး ရရှိသော်လည်း ယခုအခါ အလှည့်ကျမဟုတ်တော့ဘဲ လျှပ်စစ်မီးလုံး၀ (လုံး၀) မရရှိတော့သည့် အခြေအနေဟု ဆိုရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“နံနက် ၅ နာရီလောက်ကနေ ၉ နာရီလောက် လာရမယ့်အလှည်၊ မီးလာရမယ့် အလှည့်လည်း မီးကမလာဘူး။ အရင်တုန်းက A, B , C အုပ်စုခွဲထားပြီး မီးပေးချိန် ပြတ်ချိန် ထုတ်ထားတာရှိတယ်လေ။ အခုကတော့ မီးလာချိန်လည်း သတ် မှတ် လို့မရတော့သလို မီးပြတ်ချိန်လည်း သတ်မှတ်လို့မရတော့ဘူး။ မီးက အမြဲတမ်းပြတ်နေတယ်။ အခု ဒီမနက်ဆိုရင်လည်း နံနက် ၄ နာရီမှာကတည်းက မီးပြတ်သွားတယ်။ မေလ ၁၄ ရက်နေ့ကဆိုရင် နံနက် ၂ နာရီကတည်းက ပြတ်သွားတဲ့မီးက မေလ ၁၄ ရက်နေ့ ည ၁၀ နာရီအထိ မလာဘူး။ လာတော့လည်း လျှပ်စစ်မီးအားမပြည့်တော့ ရေတင်မရ၊ ထမင်းချက်မရ၊ အဲဒီလိုပေါ့။ လူ့ငရဲပဲ” ဟု ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ဦးဘအိုလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ် လျှပ်စစ် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေကြောင်း၊ ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာချက် ထုတ်ပြန်သည်။

ထို့အတူ မန္တလေးမြို့တွင်လည်း လျှပ်စစ်မီး လုံး၀(လုံး၀) မရရှိတော့သည့် အခြေအနေ ဆိုက်ရောက်နေကြောင်း၊ တစ်ရက်လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်မျှသာ ရရှိတော့ကြောင်း မန္တလေးမြို့ခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“မန္တလေးမှာ ဧပြီလောက်ကတည်းက ၄ နာရီမီးပေး၊ ၈ နာရီ မီးဖြတ်နဲ့ အလှည့် ကျ မီးပေးဇယားကွက်နဲ့ ပေးနေတာလို့ EPC က ပြောတာ။ အခုကတော့ ဘယ် နှစ်နာရီမီးပေးတာလဲမသိဘူး၊ လာကို မလာတော့တာ။ လာရင်လည်း ခဏလောက်လာပြီး ပြန်ပြတ်သွားတာပဲ။ အရင်ကတော့ ဘယ်အချိန် မီးလာပြီ၊ ဘယ်အချိန် မီးပြတ်မယ်ဆိုပြီး လိုက်ပြီး လုပ်စရာရှိတာလုပ်ရတာ။ အခုကတော့ သူလည်း ပုံမှန် မဟုတ်ဘဲ ပြတ်ချင်သလို တစ်ချိန်လုံး ပြတ်နေတော့ ကိုယ်လည်း မမှတ်တော့ဘူး” ဟု အောင်မြေသာစံမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသော်လည်း ၂၈၀၀ မဂ္ဂါဝပ်ခန့်သာထုတ်နိုင်၍ တစ်ရက် လိုအပ်ချက်၏ ၅၀ ရာ ခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီး အပြည့် အ၀ ပုံမှန် မပေးနိုင်ခြင်း ဖြစ်ကြောင်း ၊ လက်ရှိတွင် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ သဘာ၀ဓာတ်ငွေ့ လုံလောက်စွာ မရရှိခြင်း တို့ကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်လိုအပ် ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်သို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်း/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးနေရကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ရန်ကုန်တွင် မလာသည့် လျှပ်စစ်မီးလိုင်းများကို ပြုပြင်နေသည့် EPC ဝန်ထမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် မလာသည့် လျှပ်စစ်မီးလိုင်းများကို ပြုပြင်နေသည့် EPC ဝန်ထမ်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article