26 C
Yangon

စိန်ခေါ်မှုများနေချိန် အထင်အမြင်လွဲမှားစေသည့် ဆောင်ရွက်ချက်များ မပြုလုပ်ကြရန် AA စစ်ဦးစီးချုပ် မေတ္တာရပ်ခံ

Must read

ရန်ကုန်| မေ ၂၀

ရခိုင့်အရေးမှာ အာရက္ခတပ်တော် AA အနေဖြင့် စိန်ခေါ်မှုများနေချိန်တွင် အထင်အမြင်လွဲမှားစေသည့် ဆောင်ရွက်ချက်များ မပြုလုပ်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် မေတ္တာရပ်ခံကြောင်း ပြောဆိုလိုက်သည်။

AA လက်အောက် ရောက်ရှိနေသော ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာများကို လုံခြုံရေးအကာအကွယ်ပေးရန် အရှေ့တောင်အာရှလွှတ်တော်အမတ်များက ကုလသမဂ္ဂ၊ အာဆီယံနှင့်နိုင်ငံတကာအသိုင်းအဝိုင်းကို စုပေါင်းတောင်းဆိုနေချိန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

ရိုဟင်ဂျာများကို အကာအကွယ်ပေးနိုင်မည့် ဆောင်ရွက်ချက်များ အလျင်အမြန်လုပ်ဆောင် လိုအပ်ကြောင်း အရှေ့တောင်အာရှလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးအဖွဲ့ APHR က မေလ ၁၈ ရက်နေ့တွင် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA နှင့် တပ်ဖွဲ့ဝင်များသည် ဘာသာရေး၊ လူမျိုးရေး နောက်ခံနှင့်မသက်ဆိုင်ဘဲ အကူအညီလိုအပ်နေသူများအားလုံးကို အကာအကွယ်ပေးနေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

စစ်ကောင်စီတပ် ဘူးသီးတောင်အခြေစိုက် ခမရ ၃၅၃ တပ်ရင်းမှ အစာရေစာမကျွေးဘဲ ဖမ်းဆီး ပိတ်လှောင်ထားသော ခရုချောင်းရိုဟင်ဂျာကျေးရွာမှ ကလေးငယ်များအပါအဝင် ရိုဟင်ဂျာအမျိုးသားအမျိုးသမီး စုစုပေါင်း ၃၅ ဦးကို အာရက္ခတပ်တော် AA က မေလ ၁၄ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့ကြောင်း AA ကရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ် ကကျဘက်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနားနှင့် လက်သာကျေးရွာတို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသော ရိုဟင်ဂျာ ၇၀၀၀ ခန့်ကိုလည်း AA က ကယ်ထုတ်ခဲ့ပြီး ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောသည်။

အဆိုပါ ကျေးရွာများမှ တချို့သော ရိုဟင်ဂျာများမှာ စစ်ကောင်စီနှင့်ပူးပေါင်းရန် နခခ (၈) တပ်ရင်းသို့လည်း ဝင်ရောက်သွားခဲ့ကြောင်းလည်း AA က ပြောသည်။

ယင်းအပြင် မေလ ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ရွာ၊ တပ်မင်းချောင်းရွာနှင့် င/ကျဉ်တောက် ရိုဟင်ဂျာကျေးရွာများကို စစ်ကောင်စီ Jet Fighter၊ Y-12 တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အဆိုပါကျေးရွာများမှ ထွက်ပြေးလာသော ကလေးငယ်များအပါအဝင် ရိုဟင်ဂျာအမျိုးသားအမျိုးသမီး စုစုပေါင်း ၁၆၆ ဦးကို အာရက္ခတပ်တော် AA က ကယ်ထုတ်ခဲ့ပြီး ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးထားကြောင်း AA က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်အတွင်းမှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများအတွက် အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးစာတစ်စောင်ကိုလည်း သူ၏ X လူမှုကွန်ရက်တွင် မေလ ၁၉ ရက်နေ့က ရေးသားပြောဆိုထားသည်။

မြန်မာပြည်သူလူထုသည် ကြီးစွာသော ဒုက္ခများနှင့် အနစ်နာခံမှုများဖြင့် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့်အတွက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူများအနေဖြင့် တစ်ကိုယ်ကောင်းဆန်သော ငြီးတွားခြင်းနှင့် ဖောက်ပြန်ခြင်းလုပ်ရပ်များကို ရပ်တန့်ရမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားသည်။

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်များသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသော မြန်မာပြည်သူလူထု၏ ရုန်းကန်မှုများကို လမ်းကြောင်းအမှားသို့ ရောက်ရှိစေရန် ဆွဲငင်နေသည်ဟု ဗိုလ်ချုပ်က ဆိုသည်။

ပြည်ပ ဝင်ရောက်စွက်ဖက်မှုများဖြင့် သီးခြား အစ္စလာမ်ဘေးကင်းဇုန်တစ်ခု ဖန်တီးရန်ဟု ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုနေသော လွဲမှားသောအစီအစဥ်ကို စွန့်လွှတ်ရမည့်အချိန်ဖြစ်ကြောင်းနှင့် မျိုးချစ်စိတ်ကင်းမဲ့လွန်းသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားသည်။

AA က ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ရိုဟင်ဂျာကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အရှေ့တောင်အာရှလွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးအဖွဲ့ APHR က စွပ်စွဲထားသည်။

အာရက္ခတပ်တော် AA သည် စစ်အာဏာရှင်အမြစ်ပြတ်ရေးနှင့် ရိုဟင်ဂျာများအပါအဝင် ရခိုင်ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်ကာ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်း မည်သည့်လူပုဂ္ဂိုလ်မဆို ရှင်းလင်းသွားမည်ဟု သိရသည်။

တစ်ဖက်မှာလည်း AA သည် စစ်ကောင်စီထိန်းချုပ်နယ်မြေတွင်ရှိသော ရိုဟင်ဂျာများအပါအဝင် ရခိုင်ပြည်သူများအနေဖြင့် လွတ်မြောက်နယ် သို့မဟုတ် AA ထိန်းချုပ်နယ်မြေများသို့ ဝင်ရောက်ခိုလှုံကြရန် ဧပြီလ ထုတ်ပြန်ချက်များတွင် တိုက်တွန်းပြောဆိုထားသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တွင်ရှိသော ရခိုင်ပြည်သူလူထုများအနေဖြင့် အဆုံးသတ်ပွဲကြီးကို ဆင်နွှဲတော့မည်ဖြစ်၍ AA ထိန်းချုပ်နယ်မြေများသို့ သွားရောက်နေထိုင်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ ရက် မိန်းခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article