25 C
Yangon

သာပေါင်းမြို့နယ်တွင် ပြည်သူများထံမှ ငွေကြေး ကောက်ခံပြီး စစ်တပ်ကို ထောက်ပံ့နေသည့် ရဲ အမှုထမ်းဟောင်း မြင့်သိန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၂

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ပြည်သူများထံမှ ငွေကြေး ကောက်ခံပြီး အကြမ်းဖက် စစ်တပ်ကို ထောက်ပံ့နေသည့် ရဲဝန်ထမ်းဟောင်း မြင့်သိန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ပကဖ သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ကိုင်ပေးနေသော ရဲဝန်ထမ်းဟောင်း မြင့်သိန်းကို ပုသိမ်ခရိုင် တပ်ရင်း၊ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့ PDC/ P25501 နှင့် ပုသိမ်ခရိုင် ပကဖအဖွဲ့တို့က ဧရာဘီလူး စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မြင့်သိန်းသည် တောင်ကလေးကျေးရွာအုပ်စု၊ ဆင်သေမြောင်ရှိ တောတွင်း လုပ်ကိုင်စားသောက်နေသော ကျေးရွာသူ ရွာသားများထံမှ မတရားငွေကြေးကောက်ခံခြင်း၊ စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ မတရားစစ်မှုထမ်းဥပဒေဖြင့် ရွာသားများအား ငွေကြေးကောက်ခံခြင်းများကို အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပူးပေါင်းဆောင်ရွက်နေသူဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မြင့်သိန်းထံမှ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်၍ သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သော ဖုန်း ၂ လုံးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပူးပေါင်းဆောင်ရွက်နေသော ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ စစ်ကောင်စီ အလိုကျ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article