25 C
Yangon

မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ထပ်တိုးချမှတ်ပြီး တိုက်ပိတ်

Must read

ရန်ကုန်၊ မေ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ပေးမှုအပေါ် တရားမျှတမှုမရှိဟုဆိုကာ ဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ထပ်တိုး ချမှတ်ကာ တိုက်ပိတ်ထား ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNMမှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက် ညနေ ၄ နာရီအချိန်က မြစ်ကြီးနားအကျဉ်းထောင်၏ အဆောင် ၆ နှင့်အဆောင် ၇ မှ အခြားရာဇဝတ်အကျဉ်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီကပေးခဲ့သည့် လွတ်ငြိမ်း ချမ်းသာခွင့် တန်းတူမရှိသည့်အပေါ် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်နှိမ်နင်းသဖြင့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၉ ရက်နေ့ တွင် ထောင်တွင်းဆန္ဒပြပွဲ ဦးဆောင်ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေး အကျဉ်း သားနှင့် အခြားအကျဉ်းသား ၁၃ ဦးကို ထောင်ပြင်ပ မြို့နယ်တရားရုံးသို့ လူမသိ သူမသိခေါ်ထုတ်ကာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆ (၁) ၊ ၆၆ (ဃ) တို့ဖြင့် ထောင်ဒဏ် ၃ နှစ် ၆ လစီအမိန့်ချမှတ်ကာ ထောင်တွင်း တိုက်ပိတ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ထပ်တိုးပြစ်ဒဏ်များ အမိန့်ချမှတ်ခြင်းခံရသူများထဲတွင် ပုဒ်မ ၁၉ (က) နှင့် ၁၉ (င) တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ၃ လ အမိန့် ချမှတ် ခြင်းခံထားကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်း မင်းမင်း နှင့် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့အပြင် အခြားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ သေဆုံးခဲ့ရမှုအပေါ် တာဝန်ရှိ သူများတွင် ထောင်ပိုင်ကြီး -ဦးကျော်မြင့်စိန် နှင့် ထောင်ပိုင်လေး -ဦးကျော်မင်းဦးတို့ပါဝင်ပြီး ၎င်းတို့က ပစ်မိန့်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်ပိုင်ကြီး အဖြစ် လှမျိုးအောင်နှင့် ထောင်ပိုင်လေးအဖြစ် ဇေယျာလင်းတို့ကို အသစ်ခန့်အပ်ထားကြောင်း သိရှိရသည်။

“ဧပြီလ၁၈ရက် မြစ်ကြီးနားအကျဉ်းထောင်တွင်း ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြခဲ့သူတွေကို အစုလိုက်အပြုံလိုက်ဥပဒေမဲ့ သတ်ဖြတ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျူးလွန်ခံရသူတွေကိုပဲ အပြစ်ကျူးလွန်သူတရားခံတွေအဖြစ် တံဆိပ်ကပ်လိုက်ခြင်းဟာ အင်မတန်ရုပ်ပျက်လွန်းတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေကိုအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ကျူးလွန်နေကြပြီဖြစ်လို့ အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီအလိုကျအမိန့်ချနေကြတဲ့ တရားသူကြီးတွေကို ထိရောက်သောပြစ်ဒဏ်‌တွေ ပေးနိုင်မှသာ ဒီလိုဖြစ်စဉ်တွေကို တားဆီးနိုင်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNMမှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတာဝန်ယူနေသည့် ထောင်ပိုင်လေး ဇေယျာလင်းသည် အင်းစိန်ထောင်မှ ပြောင်းရွှေ့ လာသူဖြစ်ပြီး အကျဉ်းသားများကို အမြဲဆဲဆို၍ ဖိနှိပ်သူဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ထပ်တိုးထောင်ဒဏ်ချမှတ်ခံရပြီး တိုက်ပိတ်ခံထားရသည့် အကျဉ်းသား ၁၃ ဦးကို မိသားစုဝင်များက ပါဆယ်ပေးပို့ခွင်ပါ ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် – PPNM က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article