25 C
Yangon

သံတွဲမြို့ ကိုစစ်တပ်က ပိတ်ဆို့လိုက်ပြီး ခုခံစစ်ပြင်ဆင်နေ၊ ပြည်သူများ မြို့ထဲတွင် ပိတ်နေပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသည့်ပုံစံဖြစ်နေဟုဆို

Must read

ရန်ကုန်၊ မေ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက မြို့အဝင်အထွက်များ ပိတ်ဆို့လိုက်ပြီး ခုခံစစ်ဆင်ပြင်ဆင်နေကာ မြို့မှ ပြည်သူများကိုလည်း ထွက်ခွာမပေးတော့သဖြင့် ပြည်သူများ ပိတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့မှစတင်၍ စစ်ကောင်စီ မြို့အဝင်အ၀များတွင် စစ်တပ်များချထားကာ ပိတ်ဆို့လိုက်ကြောင်း၊ သံတွဲမြို့တွင်းတွင်လည်း ခုခံစစ်အတွက် ပြင်ဆင်နေပြီး သံတွဲလေဆိပ် ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေး ထူထူထပ်ထပ်ချထားကြောင်း မြို့ခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုကြသည်။

သံတွဲမြို့နယ်တစ်ခုလုံးတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများသည် မြို့နှင့်အနီးဆုံးနေရာသို့ ရောက်ရှိလာကြောင်း၊ ထို့ကြောင့် စစ်တပ်က မြို့ကို ပိတ်ဆို့ကာ မြို့မှ ပြည်သူများကို လူသားဒိုင်းသဖွယ် ပိတ်လှောင်ထားကြောင်း သံတွဲမြို့မှ ပြည်သူများက ပြောဆိုကြသည်။

“မြို့ထဲမှာတော့ ပြည်သူတွေက ထွက်မရ ပြုမရ ဖြစ်ကုန်ပြီ။ အခုတော့ မြို့ထဲအထိ ပစ်ခတ်တာမရှိသေးပါဘူး။ မြို့ အပြင်မှာတော့ လေယာဉ်နဲ့ ဗုံးကျဲလိုက်၊ လက်နက်ကြီးတွေထုလိုက်၊ ပစ်ခတ်မှုတွေက မကြာခဏ ဖြစ်တယ်။ သံတွဲမြို့ထဲတော့ မရောက်သေးဘူး။ ဒါပေမယ့် အခုက မြို့အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းအကုန်ပိတ်သွားပြီ။ ပြည်သူတွေက မြို့ထဲမှာ ဓားစာခံ လူသားဒိုင်းတွေလို အဖမ်းခံ ပိတ်လှောင်ခံဖြစ်နေပါတယ်”ဟု သံတွဲမြို့မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သံတွဲမြို့မှ ပြည်သူများ အဓိက သွားလာနေသော ဆင်ခေါင်းနှင့် ကင်းမော်ရေလမ်းကို စစ်ကောင်စီက ပိတ်ပင်လိုက်၍ ဒေသခံပြည်သူများမှာ ဘေးကင်းရာကို မသွားရတော့ဘဲ မြို့ထဲ၌ ပိတ်မိနေကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” သံတွဲမြို့ကိုဝင်တဲ့ ရွှေလှေဘက်က လမ်းလည်း တိုက်ပွဲဖြစ်နေကြလို့ သွားလာလို့မရဘူး။ ဆင်ခေါင်း၊ ကင်းမော်ရေလမ်းကိုလည်း စစ်ကောင်စီက ပိတ်လိုက်တော့ မြို့ခံတွေမှာ သွားလာရေး အရမ်းအခက်အခဲဖြစ်နေကြတယ်။ သံတွဲမြို့ထဲမှာက ရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေရှိတယ်။ အဲဒီလူတွေက အခု မြို့ထဲမှာ ပိတ်မိနေကြတာပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မြို့ထဲကနေ တစ်ယောက်မှ ထွက်ခွင့်၊ ဝင်ခွင့် မပေးတော့ဘူး။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA ကလည်း သံတွဲမြို့ထဲက ပြည်သူများအနေဖြင့် ဘေးကင်းရာနေရာများနှင့် AA ထိန်းချုပ်ရာနေရာများသို့ သွားရောက်နေထိုင်ကြရန် အသိပေးထုတ်ပြန်ပြီးနောက် သံတွဲမြို့ခံများမှာ ဆွေမျိုးရှိရာ နီးစပ်ရာကျေးရွာများနှင့် ရန်ကုန်မြို့သို့ ထွက်ခွာနေကြသည်။

” လေကြောင်းကတော့ ဖွင့်ထားတုန်းပဲ။ ဒါပေမယ့် အစစ်အဆေးကတော့ အရမ်းများတယ်။ ဘာလုပ်မှာလဲ၊ ဘယ်မှာနေမှာလဲ။ အကြောင့်သွားတာလဲ စသဖြင့် မေးတယ်။ အထောက်အထားတွေ အစုံပါရဲ့လား စစ်ဆေးတာ။ မသင်္ကာတဲ့သူဆိုရင် အချိန်ပိုယူပြီး စစ်ဆေးတာ။ ” ဟု သံတွဲမှ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက သံတွဲလေကြောင်းလိုင်းကို ဖွင့်ထားသေးပြီး ငွေကြေးတတ်နိုင်သူများမှာ ရန်ကုန်ဘက်သို့ ပြောင်းရွှေ့ကာ ငွေကြေးမတတ်နိုင်သူများမှာ နီးစပ်ရာကျေးရွာများကို ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။

သို့သော်လည်း လေကြောင်းလမ်းကလွဲပြီး စစ်ကောင်စီသည် သံတွဲမြို့အဝင်အထွက် ရေလမ်း၊ ကုန်းလမ်းကို အားလုံးပိတ်ပင်လိုက်၍ ဒေသခံပြည်သူများမှာ မြို့ထဲ၌ ပိတ်မိနေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက လည်း လေကြောင်းဖြင့် စစ်သားများ ၊ စစ်ကူများ သံတွဲမြို့သို့ တောက်လျှောက်ဆိုသလို ပို့ဆောင်နေကြောင်း သိရှိရသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲမှာ လင်းသီရွာကနေ သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲသို့ ရောက်သွားပြီဟု စုံစမ်းသိရသည်။

ဓာတ်ပုံ – ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article