25 C
Yangon

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အတိတ် ကကြုံဖူးသည့်အမှားများကို သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ် ရပ်တည်ကြရန် NUG သမ္မတ တိုက်တွန်း

Must read

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အတိတ် ကကြုံဖူးသည့်အမှားများကို သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ် ရပ်တည်ကြရန် NUG သမ္မတ တိုက်တွန်း

ရန်ကုန်၊ မေ ၂၈

ရခိုင်ပြည်နယ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှု ရရှိနေသော ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အတိတ် ကကြုံဖူးသည့်အမှားများကို သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ် ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက တ တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်” ဟု သမ္မတက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေပြီး အာရက္ခတပ်တော်က အောင်ပွဲခံနေကြောင်း၊ ထိုအချိန်တွင် စစ်ကောင်စီက ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ကြံစည်နေကြောင်း၊ အဆိုပါ အခြေအနေအားလုံးက ပူးတွဲ ၀ိုင်းဝန်း ကူညီဖြေရှင်းကြရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အထူးသဖြင့် ရက္ခိုင်ပြည်နယ်အတွင်းမှာ၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှု တွေကို အမြောက်အမြား တွေ့မြင်နေရပါတယ်။ ရက္ခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ ခံနိုင်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်” ဟု သမ္မတက ဆိုသည်။

လူမျိုးရေးသည် အကဲဆတ် သော ကိစ္စဖြစ်၍ လူသားဝါဒနှင့် လူ့အခွင့်အရေးအပေါ်တွင်သာ ရှုမြင် ချည်းကပ်ကြရန် သမ္မတက တိုက်တွန်းသည်။

“များသောအားဖြင့် လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေးအနက်ထားပြီး ရှုမြင် ချည်းကပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုပါတယ်” ဟု သမ္မတဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ရိုဟင်ဂျာများကို စစ်သင်တန်းပေး၊လက်နက်တပ်ဆင်ကာ AA ကို ပြန်လည် တိုက်ခိုက်ခိုင်းနေကြောင်း၊ AA နှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခများဖြစ်ပေါ်လာစေရန် ပုံစံမျိုးဖြင့် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ်အရေးစောင့်ကြည့်လေ့လာသူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article