25 C
Yangon

နိုင်ငံခြားဝင်ငွေ နည်းပါးနေသည့် စစ်ကောင်စီက ရှေးယခင်ကုန်သွယ်ရေးနည်းလမ်းဖြစ်သော ကုန်ပစ္စည်းချင်း ဖလှယ်သည့်ကုန်သွယ်မှု စနစ် BAT စတင်ကျင့်သုံးရန် ညွှန်ကြား

Must read

နိုင်ငံခြားဝင်ငွေ နည်းပါးနေသည့် စစ်ကောင်စီက ရှေးယခင်ကုန်သွယ်ရေးနည်းလမ်းဖြစ်သော ကုန်ပစ္စည်းချင်း ဖလှယ်သည့်ကုန်သွယ်မှု စနစ် BAT စတင်ကျင့်သုံးရန် ညွှန်ကြား

ရန်ကုန်၊ မေ ၃၀

ပြည်ပရင်းနှီးမြုပ်နှံမှု လျော့ကျလာခြင်းကြောင့် နိုင်ငံခြားဝင်ငွေ နည်းပါးနေသည့် အကြမ်းဖက်စစ်ကောင်စီက ရှေးယခင်ကုန်သွယ်မှုစနစ်ဖြစ်သော ကုန်ပစ္စည်းချင်းဖလှယ်သည့် (Barter Transaction Arrangement-BAT) ကုန်သွယ်ရေးစနစ်ဖြင့် ကုန်သွယ်ကြရန် ကုန်သည်များထံသို့ အသိပေး ညွှန်ကြား အကြောင်းကြားလာကြောင်း သိရှိရသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန် ဖလှယ်သည့် ကုန်သွယ်မှုစနစ် BAT အရ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက် နိုင်ငံခြားငွေ ပြန်လည် ရရှိမှု ကင်းလွတ်ခွင့် ကို ဗဟိုဘဏ်ထံသို့ လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က မေလ ၂၈ ရက်နေ့ UMFCCI ကုန်သည်စက်မှုအသင်းချုပ်ထံသို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် သွင်းကုန်အပေါ်တွင်သာ အဓိက မှီခိုနေရပြီး ထုတ်ကုန်အနေဖြင့် မည်သည့်ကုန်ပစ္စည်းကိုမှ နိုင်ငံတကာအဆင့်မီ မထုတ်လုပ်နိုင်သဖြင့် ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ် အောင်မြင်ရန် ခက်ခဲကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

“ဒီစနစ်ကတော့ အရင်တုန်းက သုံးခဲ့တာဖြစ်တော့ ခေတ်မမီတော့ဘူး။ ဒီစနစ်ကို ပြန်လုပ်တာက သွင်းကုန်လုပ် ငန်းရှင်တွေအတွင် လိုအပ်တဲ့ နိုင်ငံခြားငွေ လိုအပ်ချက်ကို မဖြည့်ပေးနိုင်တော့လို့ လုပ်တဲ့ နည်းလမ်းတစ်ခုပေမယ့် အဆင်ပြေဖို့ မလိုပါဘူး။ ဒီနိုင်ငံမှာက အပ်ကအစ စက်သုံးဆီ၊ ကား၊ စားအုန်းဆီ၊ အဝတ်အထည်အဆုံး အကုန်သွင်းကုန် တွေချည်းပဲ။ BAT စနစ်မှာ ကိုယ့်ဘက်က အရည်အသွေးမြင့်တဲ့ ပို့ကုန်တွေရှိရင်တော့ အလုပ်ဖြစ်နိုင်တယ်။ ကိုယ်က အရည်အသွေးမြင့်တဲ့ ထုတ်ကုန်ဘာမှ မထုတ်နိုင်ဘူး။ အဲဒါကြောင့်တော့ အလုပ်ဖြစ်ဖို့ မလွယ်ပါဘူး။ စိုက်ပျိုးရေးထုတ်ကုန်ဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းနဲ့ ရေထွက်ကုန်တွေအတွက်တော့ အသက်ရှုပေါက်ရနိုင်တဲ့ နည်းလမ်းဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ CDM လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးကမူ လက်ရှိ ပို့ကုန်များ တင်ပို့နိုင်ခြင်းမရှိမှုမှာ စစ်ကောင်စီက ချမှတ်ထားသော ပို့ကုန်ရငွေ ၏ ၆၅ ရာခိုင်နှုန်းကိုသာ ပို့ကုန်လုပ်ငန်းရှင်က ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား ဖြစ်ပေါ်နေသော ငွေလဲနှုန်းဖြင့် ရောင်းချရမည်ဖြစ်ပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းဖြင့် ပေးသွင်းရမည်ဆိုသော ကန့်သတ်ချက်ကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။

“အခု စျေးကွက်ပေါက်စျေး အပြင်မှာ တစ်ဒေါ်လာ ၄၆၀၀ ကျော်နေချိန်မှာ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေအကြား သတ်မှတ်ငွေလဲနှုန်းက တစ်ဒေါ်လာ ၃၃၃၁ ကျပ်ပဲရှိတယ်။ နောက်တစ်ခါ ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်းကလည်း တစ်ဒေါ်လာ ၃၃၃၁ ထက်ပိုနိမ့်နေတယ်။ ပို့ကုန်ရငွေဒေါ်လာတွေကို လုပ်ငန်းရှင်တွေကို လွတ်လွတ်လပ်လပ် ရောင်းချခွင့် မပြုဘဲ ထိန်းချုပ်ထားတော့ ဘယ်သူကမှ မပို့ချင်ဘူး။ အဲဒီတော့ ပို့ကုန်တွေ ထိုးကျတာ။ မပို့တော့ဘူးလေ။ ပို့ရင်တောင် ရှုံးနေမှာဆိုတော့ မလုပ်ဘဲ ထိုင်ကုန်ကြတာ” ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ CDM လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စျေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၆၅၀ ကျပ် စျေးပေါက်နေပြီး စစ်ကောင်စီက အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်းထားများကို ယုံကြည်ခြင်းမပြုရန် အသိပေးကြေညာချက်တစ်ရပ်ကို ယမန်နေ့ညပိုင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article