25 C
Yangon

ရန်ကုန်နှင့် ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်အပေါ် အထိ တက်၍ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွား

Must read

ရန်ကုန်နှင့် ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်အပေါ် အထိ တက်၍ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွား

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်နှင့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်အထိ တက်၍ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်မှုများဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ မြို့သစ် ၁ လမ်း အိမ်အမှတ် ၄၉ မှ အသက် ၂၂ နှစ်အရွယ် လူငယ် မောင်ကောင်းမြတ်ကို အဆိုပါ ရပ်ကွက်နေ မြို့သစ် ၆ လမ်းမှ ပျူစောထီးခေါင်းဆောင် အောင်သူနှင့် မြို့သစ် ၆ လမ်းမှ ရာအိမ်မှူး ဝင်းသူတို့ ၂ ဦးက နေအိမ်ပေါ်အထိ တက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် စစ်တပ်ထဲသို့ အသက် ၂၂ နှစ်အရွယ် မောင်ကောင်းမြတ်ကို ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

” စစ်မှုထမ်းရမယ်ဆိုပြီး မောင်ကောင်းမြတ်ကို ဝင်ဖမ်းတဲ့အချိန်မှာ မိဘတွေ အိမ်မှာမရှိဘူး။ ဖမ်းတဲ့သူက သူခိုးလူမိုက်။ ပျူစောထီးလုပ်နေတာ။ အောင်သူနဲ့ ရာအိမ်မှူး ဝင်းသူတို့ ဝင်ဖမ်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၂၈ ရက်နေ့ မန္တလေးတိုင်း ‌ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်တောကျေးရွာတွင်လည်း ကျေးရွာ ဥက္ကဌ ရင်မောင်က စစ်မှုထမ်းရန်အတွက် အင်တာကျေးရွာမှ လူငယ် ၄ ဦးကို မဲပေါက်သည်ဟုဆိုကာ ဆင့်ခေါ်ကြောင်း၊ ယင်းနောက် မိဘအုပ်ထိန်းသူများကို ၎င်းတို့သားများ ထွက်မပြေးစေရန်၊ ထွက်ပြေးပါက မိဘများကို ဖမ်းဆီးမည်ဖြစ်ကြောင်း၊ လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ကလန်ကဆန်လုပ်ပါက ဖမ်းဆီး ထောင်ချမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်ဟု သိရှိရသည်။

“အင်တောကျေးရွာမှာ ဥက္ကဋ္ဌ ရင်မောင်က လူတွေကို မဲပေါက်တယ်ဆိုပြီး စစ်မှုထမ်းခိုင်းနေတယ်။ မိဘတွေကလည်း စိတ်ညစ်လို့ ငိုနေကြတယ်။ ရင်မောင်ကတော့ “မငိုပါနဲ့ နိုင်ငံတော်အတွက် စစ်မူထမ်းရတာပဲ ယခုမထမ်းဆောင်ရလည်း နောင်အပတ်တွေထမ်းရမှာပဲ။ စစ်သားတွေ နိုင်ငံအတွက် အသက်ပေး တာ၀န်ထမ်းဆောင်နေတာပဲ” ဆိုပြီး ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျောက်ပန်းတောင်းမှ အင်တောကျေးရွာ အုပ်ချုပ်ရေးမှူး ရင်မောင်က စစ်ကောင်စီတပ်နှင့်နေ့စဉ် ဆက်သွယ်နေပြီး စစ်သားနှင့်အရာရှိများစားရန် ရိက္ခာများပေးပို့ခြင်း၊ ဘန်ကာတည်ဆောက်ရန် ပန်းရံဆရာနှင့်အလုပ်သမား ရှာပေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းရန် စစ်တပ်က အတင်းအကျပ် ဖိအားပေးစေခိုင်းရသည့် အမျိုးသားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article