25 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်က ဖမ်းဆီးထားသော စီပါရွာသား ၁၀ ဦးကို တော်လှန်ရေးတပ်က ကယ်တင်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံး

Must read

ဘုတလင်မြို့နယ်တွင် စစ်တပ်က ဖမ်းဆီးထားသော စီပါရွာသား ၁၀ ဦးကို တော်လှန်ရေးတပ်က ကယ်တင်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံး

■ တော်လှန်ရေးတပ်၏ ကယ်တင်မှုကြောင့် စစ်တပ်က ဖမ်းဆီးထားသော ကျေးရွာသား ၁၀ ဦးအနက်မှ ၆ ဦး ပြန်လည်လွတ်မြောက်ပြီး ပြည်သူတချို့ကို စစ်တပ်က သတ်ဖြတ် ရန်ကုန်၊ ဇွန် ၁ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ဖမ်းဆီးထားသော စီပါကျေးရွာသား ၁၀ ဦးကို တော်လှန်ရေးတပ်များက သွားရောက် ကယ်တင်စဉ် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် ဘုတလင်မြို့နယ်၊ စီပါကျေးရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးသဖြင့် တော်လှန်ရေးတပ်များက စီပါကျေးရွာသားများကို ကယ်တင်ရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်တပ်က ဖမ်ဆီးထားသော ကျေးရွာသား ၁၀ ဦးအနက်မှ ၆ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။ “သူတို့က ဘုတလင်မြို့ကနေ မနက်ခင်း အစောကြီးထွက်လာပြီး စီပါကျေးရွာထဲဝင်လာတယ်။ သူတို့ ဝင်လာတော့ ရွာထဲက လူတွေ အကုန်ရုတ်တရက်ကြီး ထွက်ပြေးရတယ်။ ရွာသား၁၀ဦးကတော့ စစ်တပ်နဲ့ ထိပ်တိုက်တိုးပြီးအဖမ်းခံလိုက်ရတယ်။ သူတို့ကရွာထဲဝင်ပြီး ရွာသား၁၀ဦးကို ဓါးစာခံအဖြစ်ဖမ်းပြီး ဘုတလင်မြို့ဘက်ပြန်ထွက်သွားတယ်။ ခဏနေတော့ တိုက်ပွဲဖြစ်ကြတော့တာပဲ ။ နှစ်ဖက်စလုံး သေဆုံးမှုလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များက တိုက်ပွဲဖြစ်ပွားနေစဉ် ပြည်သူ ၁၀ ဦးထဲမှ ၆ ဦး ပြန်လည် လွတ် မြောက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ ကျောပိုးအိတ်တစ်လုံး၊ ဖုန်းတစ်ုလံး၊ ကျည်ဆန်နှင့် လက်ပစ်ဗုံးများကိုပါ လွတ်မြောက်လာသော ရွာသား ၆ ဦးက သယ်ဆောင်လာကြောင်း သိရှိရသည်။ “တိုက်ပွဲက မနက် ၇ နာရီခွဲ ၊ ၈နာရီ လောက် ဖြစ်ကြတယ်။ စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀ ဦးကို ကယ်ဖို့ လုပ်ရင်း တိုက်ပွဲဖြစ်ကြတယ်။ အဲဒီလို ကယ်ထုတ်ရင်း ပြည်သူ ၆ ဦးပြန်လွတ်လာခဲ့တယ်။ တိုက်ပွဲ ဖြစ်ကြလို့ စစ်ကောင်စီဘက်မှာ ၁ ဦး သေဆုံးတယ်။ နောက်ထပ် ၁ ဦး လည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးကျတယ်။ ၁ဦးက ဒဏ်ရာပြင်းထန်ရတယ်” ဟု ဘုတလင်ပြည်သူကာကွယ် ရေးတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။ စစ်တပ်က ကျေးရွာသားတချို့ကိုလည်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ပြည်သူများမှာ တောင်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ စာဝတ်နေရေးနှင့် ဆေးဝါများ လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article