25 C
Yangon

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက်

Must read

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အရပ်သားပြည်သူ ၄၁ ဦးကို စစ်ကောင်စီ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး အလောင်းဖျောက်

ရန်ကုန်| ဇွန် ၁

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာက အပြစ်မဲ့အရပ်သား ၄၁ ဦးကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းများကို ဖျောက်ပစ်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။

မေလ ၂၉ ရက်နေ့ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာနှင့်ချီ ဝင်ရောက်လာပြီး ရွာထဲက သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက လွဲ၍ အမျိုးသားများအားလုံးကို ဖမ်းဆီးထားသည်။

အမျိုးသား ၂၀၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးနေကာ ယနေ့ ဇွန်လ ၁ ရက်နေ့ နောက်ဆုံးသတင်းအရ ၄၁ ဦးကို သတ်ဖြတ်လိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” ဗျိုင်းဖြူရွာက သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို တေဗာကားနဲ့ ယူလာပြီး စစ်တွေမြို့ထဲက ဝင်္ကဘာကွင်းမှာ ထားပစ်ခဲ့တယ်။ အမျိုးသားတွေအားလုံးကို ဖမ်းချုပ်ထားတယ်။ အခု သတင်းကြားတာက ၄၁ ဦးတောင် အသတ်ခံလိုက်ရပြီလို့ သိရပါတယ်။ အလောင်းတွေကို ဘယ်မှာထားလဲတော့ မသိဘူး။ တချို့ကပြောတာက ရွာထဲမှာ ဒီအတိုင်း ပုံထားတယ်လို့ သိရပါတယ်။ ” ဟု ပြောသည်။

မေလ ၂၉ ရက်နေ့က ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး မေလ ၃၀ ရက်တွင် ၁၀ ဦးသတ်ဖြတ်ခံရကာ မေလ ၃၁ ရက်နေ့တွင် ၂၇ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်တွေမြို့ခံတစ်ဦးက ” AA ဆိုပြီး စွပ်စွဲကာ သတ်တာရှိတယ်။ AA နဲ့ ဆက်သွယ်တယ်ဆိုပြီး သတ်တာရှိတယ်။ ခန္ဓာကိုယ်တွေမှာ AA လို့ တက်တူးထိုးတာ၊ ရခိုင်လို့ တက်တူးထိုးတာ၊ Arakan လို့ တက်တူးထိုးတာတွေရှိရင်လည်း သတ်တယ်။ ရခိုင်တံဆိပ် တက်တူးထိုးတာရှိရင်လည်းသတ်တယ်လို့ ပြောတယ်။ အပြစ်မဲ့အရပ်သားတွေကို ကြက်တွေ၊ ငှက်တွေလို သတ်ဖြတ်နေတယ်။ သူတို့အားလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီရဲ့ ယုတ်မာကောက်ကျစ်မှုက အဝီစိငရဲမပြောနဲ့ ပို့မယ့်နေရာတောင် မရှိတော့ဘူး။ ” ဟု ပြောသည်။

ဗျိုင်းဖြူကျေးရွာထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ လူငယ်အမျိုးသားအများအပြားရှိနေသေးပြီး တချို့ကို စစ်ကောင်စီတပ်ရင်းများသို့ စစ်ကားများဖြင့် ခေါ်ယူသွားကြောင်း သိရသည်။

ဗျိုင်းဖြူကျေးရွာ အကြမ်းဖက်စီးနင်းခံရမှုတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်းနှင့် စစ်ကောင်စီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင်လည်း ရခိုင်တိုင်းရင်းသားအချင်းချင်း ALP တပ်ဖွဲ့ဝင်များကပါ ပါဝင်သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ဗျိုင်းဖြူကျေးရွာကို ကုန်ခဲ့သည့်နှစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဝင်လာတိုင်းလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသားများကို ဒါဇင်နှင့်ချီ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများရှိသည်ဟု သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article